သုတ္တံကျမ်း 3
3
ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်း
1ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။
ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
2အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊
အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
3မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။
၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
4ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌မျက်နှာရ၍
ကောင်းသောဉာဏ်စွမ်းနှင့်ပြည့်စုံလိမ့်မည်။
5ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့။
မိမိ၏အသိဉာဏ်ကို အမှီမပြုနှင့်။
6သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။
သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။
7ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။
ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
8ထိုသို့ပြုခြင်းသည် သင်၏ကိုယ်ခန္ဓာ#3:8 တိုက်ရိုက်ပြန်ဆိုလျှင် “ချက်”။ကို ကျန်းမာစေ၍
သင်၏အရိုးတို့ကို သန်စွမ်းစေလိမ့်မည်။
9သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့်
ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။
10သို့ပြုလျှင် သင်၏ကျီတို့သည် ပြည့်နှက်လျှံကျလျက်
သင်၏စပျစ်သီးနယ်ရာကျင်းတို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ပြည့်လျှံလိမ့်မည်။
11ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။
ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ၌လည်း စိတ်မပျက်နှင့်။
12အကြောင်းမူကား ဖခင်သည် နှစ်သက်သောသားကို ဆုံးမတတ်သကဲ့သို့
ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။#ဟေဗြဲ 12:6၊ ဗျာ 3:19။
ဉာဏ်ပညာပေးသောအကျိုးကျေးဇူး
13ဉာဏ်ပညာကိုတွေ့ရှိသောသူနှင့် ထိုးထွင်းဉာဏ်ကိုရရှိသောသူသည်
မင်္ဂလာရှိ၏။
14အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည်
ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။
၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။
15ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍
သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
16၎င်း၏လက်ယာလက်၌ အသက်ရှည်ခြင်း၊
လက်ဝဲလက်၌ ဓနဥစ္စာနှင့် ဂုဏ်သရေရှိ၏။
17ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး
၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
18ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။
၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။
19ထာဝရဘုရားသည် ဉာဏ်ပညာအားဖြင့် မြေကြီးကိုတည်၍
ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို မြဲမြံစေတော်မူ၏။
20ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက်
၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
21ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။
၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
22သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး
သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။
23ထိုအခါ သင်သည် သင်၏လမ်းခရီးတွင် ဘေးကင်းလုံခြုံစွာသွားလာရ၍
သင်၏ခြေသည် ခလုတ်တိုက်လိမ့်မည်မဟုတ်။
24သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။
သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။
25ရုတ်တရက်ကျရောက်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊
ဆိုးယုတ်သောသူတို့အပေါ်ကျရောက်တတ်သော ဖျက်ဆီးခြင်းဘေးကိုလည်းကောင်း
ကြောက်ရွံ့ခြင်းမရှိနှင့်။
26အကြောင်းမူကား ထာဝရဘုရားသည် သင်ယုံကြည်အားထားရာဖြစ်၍
သင်၏ခြေကို ကျော့ကွင်း၌မမိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
သူတစ်ပါးအပေါ် တရားမျှတစွာပြုမူခြင်း
27သင့်လက်ထဲ၌ ကောင်းကျိုးပြုနိုင်စွမ်းရှိလျက်နှင့်
ထိုကောင်းကျိုးကိုခံထိုက်သောသူတို့အား မပြုပေးဘဲမနေနှင့်။
28သင်၌အဆင်သင့်ရှိလျက်နှင့် သင်၏အိမ်နီးချင်းအား
“သွားလော့။ နောက်တစ်ဖန်ပြန်လာလော့။ မနက်ဖြန်မှ ငါပေးမည်”ဟု မပြောနှင့်။
29သင့်အနီးတွင် ဘေးကင်းလုံခြုံစွာနေထိုင်သော သင်၏အိမ်နီးချင်းအပေါ်
မကောင်းမှုပြုရန် တွေးတောကြံစည်ခြင်းမရှိနှင့်။
30သင့်အပေါ် မကောင်းမှုမပြုသောသူကို အကြောင်းမဲ့ရန်မတွေ့နှင့်။
31ရက်စက်ကြမ်းကြုတ်သောသူကိုမငြူစူနှင့်။
သူပြုမူကျင့်ကြံသောအမှုအရာတစ်စုံတစ်ခုကိုမျှ မရွေးချယ်နှင့်။
32အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
33ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။
သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
34ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။
စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။#မ 23:12၊ လု 14:11၊ 18:14၊ ယာ 4:6၊ ၁ပေ 5:5။
35ပညာရှိသောသူတို့သည် ဂုဏ်သရေကို အမွေဆက်ခံရကြလိမ့်မည်။
မိုက်မဲသောသူတို့မူကား အရှက်ကွဲကြရလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
သုတ္တံကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative