YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 20

20
1စပျစ်ဝိုင်​သည် ပြက်ရယ်​ပြု​စေ​တတ်​၏​။
သေရည်သေရက်​သည်​လည်း ဆူပူသောင်းကျန်း​စေ​တတ်​၏​။
၎င်း​တို့​ကြောင့် လမ်းလွဲ​သော​သူ​ရှိသမျှ​သည် ဉာဏ်ပညာ​မ​ရှိ​။
2ရှင်ဘုရင်​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အရာ​သည် ခြင်္သေ့ပျို​ဟောက်​သကဲ့သို့​ဖြစ်​၏​။
သူ့​ကို​အမျက်ထွက်​စေ​သော​သူ​သည် မိမိ​အသက်​ကို​ဆုံးရှုံး​ရ#20:2 တိုက်ရိုက်ပြန်ဆိုလျှင် “အသက်ကိုပြစ်မှား”။​တတ်​၏​။
3ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ရှောင်ရှား​သော​သူ​သည် ဂုဏ်သရေ​ရှိ​၏​။
ဆိုးမိုက်​သော​သူ​တိုင်း​ကား ခိုက်ရန်​ဖြစ်​တတ်​ကြ​၏​။
4ပျင်းရိ​သော​သူ​သည် စိုက်ပျိုး​ရာသီ​၌ ထွန်ယက်​စိုက်ပျိုး​ခြင်း​မ​ပြု​သောကြောင့်
ရိတ်သိမ်း​ချိန်​၌ တောင်းရမ်း​သော်လည်း ဘာမျှ​မ​ရ​ချေ​။
5လူ​၏​စိတ်နှလုံး​၌​ရှိ​သော​အကြံဉာဏ်​သည် နက်​သော​ရေ​နှင့်​တူ​၏​။
သို့သော် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် ၎င်း​ကို​ခပ်ယူ​လိမ့်မည်​။
6များစွာ​သော​လူ​တို့​သည် မိမိ​တို့​၏​မေတ္တာကရုဏာ​ကို ထုတ်ဖော်​ပြောဆို​တတ်​ကြ​၏​။
သို့သော် သစ္စာရှိ​သော​သူ​ကို မည်သူ​ရှာတွေ့​နိုင်​သနည်း​။
7ဖြောင့်မတ်​သော​သူ​သည် တည်ကြည်​စွာ​လျှောက်လှမ်း​တတ်​၏​။
နောင်လာမည့် သူ​၏​သားမြေး​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
8တရားစီရင်​ရာ​ပလ္လင်​ပေါ်တွင်​ထိုင်​သော ရှင်ဘုရင်​သည်
မကောင်းမှု​ရှိသမျှ​ကို မိမိ​၏​မျက်စိ​ဖြင့် လွင့်သွား​စေ​တတ်​၏​။
9“​ငါ​သည် ငါ​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​ပြီ​၊
ငါ​သည် အပြစ်​မှ​စင်ကြယ်​ပြီ​”​ဟု မည်သူ​ပြောဆို​နိုင်​သနည်း​။#၁ယော 1:10။
10အချိန်ချင်း​မတူ​သော​အလေး​၊ အဝင်ချင်းမတူ​သော​ခြင်တောင်း​၊
ထို​နှစ်မျိုးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
11ကလေးသူငယ်​ပင်လျှင် သူ​၏​လုပ်ဆောင်ချက်​သည်
သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​၊ မ​ရှိ​၊ ဖြောင့်မှန်​ခြင်း​ရှိ​၊ မ​ရှိ
သူ​၏​အပြုအမူ​အားဖြင့် ထင်ရှား​စေ​တတ်​၏​။
12ကြား​တတ်​သော​နား​၊ မြင်​တတ်​သော​မျက်စိ​၊
ဤ​အရာ​နှစ်ပါးစလုံး​ကို ထာဝရဘုရား​ဖန်ဆင်း​တော်မူ​၏​။
13အအိပ်​မ​မက်​နှင့်​။ အအိပ်မက်​လျှင် ဆင်းရဲ​သွား​လိမ့်မည်​။
သင်​၏​မျက်စိ​ကို ဖွင့်​ထား​လော့​။
သို့ပြုလျှင် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
14ဝယ်​သော​သူ​သည် “​မကောင်း​ဘူး​၊ မကောင်း​ဘူး​”​ဟု ဆို​တတ်​၏​။
သို့သော် ဝယ်​၍​ထွက်သွား​ပြီးမှ ဝါကြွား​တတ်​၏​။
15ရွှေ​ရှိ​၏​။ ပတ္တမြား​လည်း​များစွာ​ရှိ​၏​။
သို့သော် အသိပညာ​ရှိ​သော​နှုတ်ခမ်း​သည် အဖိုးတန်​သော​ရတနာ​ဖြစ်​၏​။
16သူစိမ်း​အတွက် အာမခံ​သော​သူ​၏​အဝတ်​ကို​ယူ​ထား​လော့​။
ကိုယ်ကျင့်တရားပျက်ပြား​သော​မိန်းမ​အတွက် အာမခံ​သော​သူ​ထံမှ အပေါင်ပစ္စည်း​ကို​ယူထား​လော့​။
17လှည့်ဖြား​၍​ရ​သော​အစားအစာ​သည် စားသူ​အတွက်​ချိုမြိန်​သော်လည်း
နောက်မှ သူ​၏​နှုတ်​သည် ကျောက်စရစ်​များ​နှင့်​ပြည့်​လိမ့်မည်​။
18အကြံဉာဏ်​ယူ​ခြင်း​အားဖြင့် အကြံအစည်​များ တည်​တတ်​၏​။
လမ်းညွှန်​မှု​များ​ကို​ခံယူ​၍ စစ်ပွဲ​ကို​ဆင်နွှဲ​လော့​။
19အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို ပေါက်ကြား​စေ​တတ်​၏​။
သို့ဖြစ်၍ နှုတ်ဖွာ​သော​သူ​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။
20မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို ကျိန်ဆဲ​သော​သူ​၏​မီးခွက်​သည်
မှောင်မည်း​သော​အမှောင်​ထဲတွင် ငြိမ်း​သွား​လိမ့်မည်​။
21အစ​၌ အလျင်စလို​ရယူ​သော​အမွေ​သည်
အဆုံး​၌ ကောင်းချီးမင်္ဂလာ မ​ဖြစ်​ပေ​။
22“​မကောင်းမှု​ကို​ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။ ထာဝရဘုရား​ကို​သာ စောင့်မျှော်​လော့​။#သု 24:29၊ ၁ပေ 3:9။
သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။
23အချိန်ချင်း​မတူ​သော​အလေး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
မမှန်ကန်​သော​ချိန်ခွင်​သည်​လည်း မ​ကောင်း​ပေ​။
24လူ​၏​ခြေလှမ်း​တို့​ကို ထာဝရဘုရား​စီရင်​တော်မူ​၏​။
သို့ဖြစ်၍ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မည်သို့​သိရှိနားလည်​နိုင်​မည်နည်း​။
25တစ်စုံတစ်ခု​ကို သန့်ရှင်းသောအရာ​အဖြစ် အလျင်စလို​ဆက်ကပ်​၍
ကတိသစ္စာ​ပေး​ပြီးမှ ထောက်ရှုဆင်ခြင်​ခြင်း​သည် လူ​တစ်ဦး​အတွက် ထောင်ချောက်​ဖြစ်​၏​။
26ပညာရှိ​သော​ရှင်ဘုရင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လှေ့​၍
သူ​တို့​အပေါ်​၌ စပါးခြွေ​သော​ဘီး​ကို​လှိမ့်​တတ်​၏​။
27လူ​၏​ဝိညာဉ်​သည် အတွင်း​အကျဆုံး​နေရာ​ရှိသမျှ​တို့​ကို
ရှာဖွေ​တတ်​သော ထာဝရဘုရား​၏​မီးခွက်​ဖြစ်​၏​။
28မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် ရှင်ဘုရင်​ကို​ကာကွယ်​စောင့်ရှောက်​တတ်​၏​။
ရာဇပလ္လင်​သည်​လည်း မေတ္တာကရုဏာ​အားဖြင့် မြဲမြံ​တတ်​၏​။
29လူပျို​တို့​၏​ဂုဏ်ကျက်သရေ​သည် သူ​တို့​၏​ခွန်အား​ဖြစ်​၏​။
အသက်ကြီး​သော​သူ​တို့​၏​ခန့်ညားထည်ဝါမှု​ကား ဖြူသောဆံပင်​ဖြစ်​၏​။
30ဒဏ်ရာ​ဒဏ်ချက်​သည် မကောင်းမှု​ကို​လည်းကောင်း​၊
ရိုက်နှက်​ခြင်း​သည် အတွင်း​အကျဆုံး​နေရာ​များ​ကို​လည်းကောင်း ဆေးကြော​သန့်စင်​ပေး​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။