YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 15

15
1ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။
ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။
2ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။
3ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍
မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။
4ညင်သာ​သော#15:4 တိုက်ရိုက်ပြန်ဆိုလျှင် “ကျန်းမာစေတတ်သော”။​လျှာ​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။
ကောက်ကျစ်စဉ်းလဲ​သော​လျှာ​မူကား စိတ်​ကို​ကြေကွဲ​စေ​တတ်​၏​။
5ဆိုးမိုက်​သော​သူ​သည် မိမိ​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို မထီလေးစား​ပြု​တတ်​၏​။
ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား နှိုင်းချင့်မျှော်ခေါ်​တတ်​၏​။
6ဖြောင့်မတ်​သော​သူ​၏​အိမ်​၌ စည်းစိမ်​များစွာ​ရှိ​၏​။
ဆိုးယုတ်​သော​သူ​၏​အမြတ်အစွန်း​မူကား ဒုက္ခပေး​တတ်​၏​။
7ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​သည် အသိပညာ​ကို​ပြန့်ပွား​စေ​တတ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ထိုသို့​မ​ဟုတ်​ပေ​။
8ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။
9ဆိုးယုတ်​သော​သူ​၏​လမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ဖြောင့်မတ်​ခြင်း​ကို​လက်ကိုင်ပြု​သော​သူ​ကို​ကား ကိုယ်တော်​ချစ်​တော်မူ​၏​။
10လမ်း​မှန်​ကို​စွန့်ပယ်​သော​သူ​အတွက် ပြင်းထန်​သော​ဆုံးမပဲ့ပြင်​ခြင်း​ရှိ​၏​။
ဆိုဆုံးမစကား​ကို​မုန်း​သော​သူ​သည် သေ​ရ​လိမ့်မည်​။
11မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည်#15:11 ဟီဘရူးဘာသာစကားအားဖြင့် “အဗဒ္ဒု​န်”။
ထာဝရဘုရား​၏​ရှေ့​တော်​၌ ထင်ရှား​လျက်​ရှိ​၏​။
ထို့ထက်မက လူသား​တို့​၏​စိတ်နှလုံး​သည်
ပို၍ပင်​ထင်ရှား​လျက်​ရှိ​၏​။
12ပြက်ရယ်​ပြု​တတ်​သော​သူ​သည် မိမိ​အား​ဆုံးမ​သော​သူ​ကို​ချစ်​လိမ့်မည်​မ​ဟုတ်​။
ပညာရှိ​သော​သူ​တို့​ထံသို့​လည်း သွား​လိမ့်မည်​မ​ဟုတ်​။
13ဝမ်းမြောက်​သော​စိတ်နှလုံး​သည် မျက်နှာ​ကို​ရွှင်လန်း​စေ​တတ်​၏​။
သို့သော် ဝမ်းနည်းပူဆွေး​သော​စိတ်နှလုံး​ကြောင့် စိတ်​ထိခိုက်​နာကျင်​ရ​တတ်​၏​။
14အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ရှာဖွေ​တတ်​၏​။
မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​၌​ကျက်စား​တတ်​၏​။
15အဖိနှိပ်​ခံရ​သော​သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဆိုးရွား​၏​။
ကြည်ရွှင်​သော​စိတ်နှလုံး​၌​မူကား အစဉ်မပြတ်​ကျင်းပ​သော​စားသောက်ပွဲ​ရှိ​၏​။
16ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည်
ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။
17ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည်
မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။
18ဒေါသကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန်​လှုံ့ဆော်​တတ်​၏​။
စိတ်ရှည်​သော​သူ​မူကား ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ငြိမ်း​စေ​တတ်​၏​။
19ပျင်းရိ​သော​သူ​၏​လမ်း​သည် ဆူး​စည်းရိုး​သဖွယ်​ဖြစ်​၏​။
ဖြောင့်မှန်​သော​သူ​တို့​၏​လမ်းခရီး​မူကား ပြန့်ပြူး​၏​။
20ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​တတ်​၏​။
မိုက်မဲ​သော​သား​မူကား မိမိ​၏​မိခင်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။
21အသိစိတ်​မ​ရှိ​သော​သူ​သည် မိုက်မဲ​ခြင်း​၌​ဝမ်းမြောက်​တတ်​၏​။
ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဖြောင့်မှန်​စွာ​လျှောက်လှမ်း​တတ်​၏​။
22ဆွေးနွေးတိုင်ပင်​ခြင်း​မ​ရှိ​လျှင် အကြံအစည်​များ​ပျက်​တတ်​၏​။
အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အကြံအစည်​ထမြောက်​တတ်​၏​။
23လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။
သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။
24အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။
ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။
25ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။
မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။
26မကောင်းမှု​ပြု​သော​သူ​၏​အကြံအစည်​များ​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
သို့သော် နှစ်လို​ဖွယ်​စကား​တို့​သည် စင်ကြယ်​၏​။
27မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည်
မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။
တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။
28ဖြောင့်မတ်​သော​သူ​၏​စိတ်နှလုံး​သည် မည်သို့​ဖြေကြား​ရ​မည်​ကို တွေးဆ​တတ်​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​မူကား မကောင်း​သော​အရာ​များ​ကို သွန်ထုတ်​တတ်​၏​။
29ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။
ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။
30မျက်စိ​အလင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။
ကောင်း​သော​သတင်းစကား​သည်​လည်း အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။
31အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ဆိုဆုံးမစကား​ကို နားထောင်​သော​သူ​သည်
ပညာရှိ​သော​သူ​တို့​အလယ်​၌ နေ​ရ​လိမ့်မည်​။
32ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အလေးမထား​တတ်​။
ဆိုဆုံးမစကား​ကို​နားထောင်​သော​သူ​မူကား အသိဉာဏ်​ကို​ရ​တတ်​၏​။
33ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။
ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။