YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 15:20-33

သုတ္တံကျမ်း 15:20-33 MSBU

ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိုက်မဲ​သော​သား​မူကား မိမိ​၏​မိခင်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​သည် မိုက်မဲ​ခြင်း​၌​ဝမ်းမြောက်​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဖြောင့်မှန်​စွာ​လျှောက်လှမ်း​တတ်​၏​။ ဆွေးနွေးတိုင်ပင်​ခြင်း​မ​ရှိ​လျှင် အကြံအစည်​များ​ပျက်​တတ်​၏​။ အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အကြံအစည်​ထမြောက်​တတ်​၏​။ လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။ သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။ အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။ ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။ ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။ မကောင်းမှု​ပြု​သော​သူ​၏​အကြံအစည်​များ​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သို့သော် နှစ်လို​ဖွယ်​စကား​တို့​သည် စင်ကြယ်​၏​။ မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည် မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။ တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​စိတ်နှလုံး​သည် မည်သို့​ဖြေကြား​ရ​မည်​ကို တွေးဆ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​မူကား မကောင်း​သော​အရာ​များ​ကို သွန်ထုတ်​တတ်​၏​။ ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။ မျက်စိ​အလင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ကောင်း​သော​သတင်းစကား​သည်​လည်း အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။ အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ဆိုဆုံးမစကား​ကို နားထောင်​သော​သူ​သည် ပညာရှိ​သော​သူ​တို့​အလယ်​၌ နေ​ရ​လိမ့်မည်​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အလေးမထား​တတ်​။ ဆိုဆုံးမစကား​ကို​နားထောင်​သော​သူ​မူကား အသိဉာဏ်​ကို​ရ​တတ်​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။

​သုတ္တံကျမ်း 15:20-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။