ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။ ဖြောင့်မှန်စွာလျှောက်လှမ်းသောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူမူကား ကိုယ်တော်ကိုမထီမဲ့မြင်ပြုတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။ ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။ နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။ သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။ သစ္စာရှိသောသက်သေသည် လိမ်လည်ခြင်းမပြု။ မုသားသက်သေမူကား လိမ်လည်ထွက်ဆိုတတ်၏။ ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။ မိုက်မဲသောသူ၏ရှေ့မှောက်မှ ထွက်သွားလော့။ အကြောင်းမူကား သူ့ထံမှ အသိပညာစကားကို သင်ရရှိမည်မဟုတ်။ ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဒုစရိုက်ဖြေရာယဇ်ကို ပြက်ရယ်ပြုတတ်ကြ၏။ ဖြောင့်မှန်သောသူတို့ကြား၌ကား နှစ်သက်လက်ခံခြင်းရှိ၏။ စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။ ဆိုးယုတ်သောသူတို့၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မှန်သောသူတို့၏တဲမူကား ပွင့်လန်းဝေဆာလိမ့်မည်။ လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။ ရယ်မောလျက်နေစဉ်ပင် စိတ်နှလုံးသည် နာကျင်နေတတ်၏။ ဝမ်းမြောက်ခြင်း၏အဆုံး၌လည်း ပူဆွေးခြင်းရှိတတ်၏။ စိတ်သဘောဖောက်ပြန်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ဝအီလိမ့်မည်။ သူတော်ကောင်းမူကား မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ပြည့်စုံကြွယ်ဝလိမ့်မည်။ အသိဉာဏ်နည်းပါးသောသူသည် အရာအားလုံးကိုယုံတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား မိမိ၏ခြေလှမ်းကို ဆင်ခြင်သုံးသပ်တတ်၏။ ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။ စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။ ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။ အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။ ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။
သုတ္တံကျမ်း 14 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 14:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို