YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 10:1-16

သုတ္တံကျမ်း 10:1-16 MSBU

ရှောလမုန်​၏​သုတ္တံ​စကား​များ​။ ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​၏​။ မိုက်မဲ​သော​သား​မူကား သူ​၏​မိခင်​အတွက် ပူဆွေးစရာ​ဖြစ်​၏​။ မတရား​သဖြင့်​ရ​သော​ဥစ္စာဘဏ္ဍာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​လွတ်မြောက်​စေ​တတ်​၏​။ ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို ဆာလောင်မွတ်သိပ်​စေ​တော်​မ​မူ​။ ဆိုးယုတ်​သော​သူ​တို့​၏​အလိုရမ္မက်​ကို​ကား ပယ်ချ​တော်မူ​၏​။ လုံ့လနည်း​သော​လက်​သည် ဆင်းရဲ​ခြင်း​ကို​ဖြစ်​စေ​၏​။ ဝီရိယ​ရှိ​သော​လက်​မူကား ချမ်းသာကြွယ်ဝ​စေ​၏​။ နွေရာသီ​၌ ရှာဖွေ​စုဆောင်း​သော​သူ​သည် ပညာသတိ​ရှိ​သော​သား​ဖြစ်​၏​။ ရိတ်သိမ်း​ချိန်​၌ အိပ်မောကျ​နေ​သော​သူ​မူကား အရှက်ကွဲ​စေ​သော​သား​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​၏​ဦးခေါင်း​ပေါ်၌ ကောင်းချီးမင်္ဂလာ​များ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​ဖုံးကွယ်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။ စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် ပညတ်ချက်​တို့​ကို လက်ခံ​တတ်​၏​။ နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့ ရောက်​ရ​လိမ့်မည်​။ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။ မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။ မျက်စိ​မှိတ်ပြ​သော​သူ​သည် ဝမ်းနည်းပူဆွေးမှု​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။ နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ရက်စက်ကြမ်းကြုတ်မှု​ကို ဖုံးကွယ်​တတ်​၏​။ မုန်းတီး​ခြင်း​သည် အငြင်းပွားမှု​များ​ဖြစ်​စေရန် လှုံ့ဆော်​တတ်​၏​။ ချစ်ခြင်းမေတ္တာ​မူကား ကျူးလွန်​သော​အပြစ်​ရှိသမျှ​ကို ဖုံးအုပ်​တတ်​၏​။ အသိဉာဏ်​ရှိ​သော​သူ​၏​နှုတ်ခမ်း​တွင် ဉာဏ်ပညာ​ကို​တွေ့​ရ​၏​။ အသိစိတ်​မ​ရှိ​သော​သူ​၏​ကျောကုန်း​အတွက်​မူကား ကြိမ်လုံး​ရှိ​၏​။ ပညာရှိ​သော​သူ​သည် အသိပညာ​ကို​သိုမှီး​တတ်​၏​။ ဆိုးမိုက်​သော​သူ​၏​နှုတ်​မူကား ပျက်စီး​ခြင်း​နှင့်​နီးကပ်​၏​။ ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​တို့​၏​ပျက်စီး​ခြင်း​အကြောင်း​သည် သူ​တို့​၏​ဆင်းရဲ​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​ရရှိ​သော​အဖိုးအခ​သည် အသက်​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​ရရှိ​သော​အမြတ်အစွန်း​သည် အပြစ်​ဖြစ်​၏​။