YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 3:1-14

ဖိလိပ္ပိသြဝါဒစာ 3:1-14 MSBU

နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။ ခွေး​များ​ကို သတိပြု​ကြ​လော့။ မကောင်း​သော​လုပ်သား​များ​ကို သတိပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီးဖြတ်​သော​သူ​တို့​ကို သတိပြု​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။ သို့သော် အသွေး​အသား​၌​ကိုးစား​စရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အခြား​သူ​တစ်စုံတစ်ဦး​သည် အသွေး​အသား​၌​ကိုးစား​စရာ​ရှိ​သည်​ဟု ထင်မှတ်​လျှင် ငါ​၌ ပို၍​ပင်​ရှိ​၏။ ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အရေဖျား​လှီး​ထား​သော​သူ၊ အစ္စရေး​လူမျိုး၊ ဗင်္ယာမိန်​အနွယ်ဝင်၊ ဟေဗြဲ​လူမျိုး​မှ​ဟေဗြဲ​လူမျိုး​အစစ်၊ ပညတ်​တရား​အရ​ဆို​လျှင် ဖာရိရှဲ​တစ်​ဦး၊ စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။ သို့သော် ငါ့​အတွက် အကျိုးကျေးဇူး​ဖြစ်​ခဲ့​သော ဤ​အရာ​တို့​ကို ခရစ်တော်​ကို​ထောက်​လျက် အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထိုမျှမက ငါ​၏​သခင်​ခရစ်တော်​ယေရှု​ကို သိ​သော​ဉာဏ်​၏​ထူးမြတ်​သော​အကျိုးကျေးဇူး​ကြောင့် အရာ​ခပ်သိမ်း​ကို အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထို​သခင်​ကို​ထောက်၍ အရာ​ခပ်သိမ်း​တို့​ကို ငါ​အဆုံးရှုံး​ခံ​ပြီး ၎င်း​တို့​ကို မစင်​ကဲ့သို့ ငါ​မှတ်ယူ​၏။ ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​သို့ တစ်နည်းနည်း​ဖြင့် ရောက်ရှိ​နိုင်​ရန်​အတွက်​ဖြစ်​၏။ ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။ ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။