YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 25

25
အစ္စရေးလူမျိုးတို့ ဗာလပေဂုရဘုရားကိုကိုးကွယ်ခြင်း
1အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။ 2ထို​အမျိုးသမီး​တို့​သည် မိမိ​တို့​ဘုရား​များ​၏​ယဇ်ပူဇော်ပွဲ​များ​သို့ အစ္စရေး​အမျိုးသား​တို့​ကို ခေါ်သွား​၏​။ သူ​တို့​သည် စားသောက်​ကြ​၍ ထို​အမျိုးသမီး​တို့​၏​ဘုရား​များ​ကို​လည်း ရှိခိုးကိုးကွယ်​ကြ​၏​။ 3ထိုသို့ အစ္စရေး​လူမျိုး​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​သောကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​လေ​၏​။ 4ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ အကြီးအမှူး​ရှိသမျှ​တို့​ကို ခေါ်ထုတ်​၍ ထာဝရဘုရား​၏​ရှေ့​၊ နေပူ​ထဲ၌ သူ​တို့​ကို​ဆွဲ​ထား#25:4 သို့မဟုတ် “ကွပ်မျက်”။​လော့​။ သို့ပြုလျှင် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​သည် အစ္စရေး​လူမျိုး​တို့​ထံမှ လွှဲသွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
5မောရှေ​က​လည်း အစ္စရေး​လူမျိုး​တို့​၏​တရားသူကြီး​တို့​အား “​သင်​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​သော​ကိုယ့်​လူ​အသီးသီး​ကို သတ်​ရ​မည်​”​ဟု ဆို​၏​။
ဖိနဟတ်ကြားဝင်ဆောင်ရွက်ခြင်း
6ထိုအခါ မောရှေ​ရှေ့မှောက်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ငိုကြွေး​နေ​ကြ​သော အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ရှေ့မှောက်​မှာ​ပင် အစ္စရေး​အမျိုးသား​တစ်​ဦး​သည် မိမိ​အမျိုးသားချင်း​တို့​ထံ မိဒျန်​အမျိုးသမီး​တစ်​ယောက်​ကို ခေါ်ဆောင်​လာ​၏​။ 7ယဇ်ပုရောဟိတ်​အာရုန်​၏​မြေး​ဖြစ်​သော ဧလာဇာ​၏​သား​ဖိနဟတ် မြင်​သောအခါ လူထု​ထဲ​မှ​ထ​၍ လှံ​ကို​ကိုင်စွဲ​လျက် 8ထို​အစ္စရေး​အမျိုးသား​နောက် တဲ​အတွင်း​သို့ လိုက်ဝင်​သွား​၍ အစ္စရေး​အမျိုးသား​နှင့် ထို​မိန်းမ နှစ်ဦးစလုံး​တို့​၏​ဗိုက်​ကို လှံ​နှင့်​ထိုး​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​တွင် ဘေးဒဏ်​ငြိမ်း​လေ​၏​။ 9ထို​ဘေးဒဏ်​ကြောင့် သေဆုံး​သူ နှစ်​သောင်း​လေး​ထောင်​ရှိ​၏​။
10တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
11“​ယဇ်ပုရောဟိတ်​အာရုန်​၏​မြေး​ဖြစ်​သော ဧလာဇာ​၏​သား​ဖိနဟတ်​သည် အစ္စရေး​အမျိုးသား​တို့​အပေါ် ငါ​သဝန်တို​သကဲ့သို့ သဝန်တို​သဖြင့် ငါ​၏​အမျက်ဒေါသ​ကို သူ​တို့​ထံမှ​လွှဲ​စေ​ပြီ​။ ထို့ကြောင့် သဝန်တို​သော်လည်း အစ္စရေး​အမျိုးသား​တို့​ကို ငါ​မ​ဖျက်ဆီး​ဘဲ​နေ​လေ​၏​။ 12ထို့ကြောင့် ဖိနဟတ်​အား ‘​ငါ​၏​ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို သူ့​အား ငါ​ပေး​၏​။ 13ထာဝရ​ယဇ်ပုရောဟိတ်​အရိုက်အရာ​ဆိုင်ရာ​ပဋိညာဉ်​သည် သူ​မှစ၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​အတွက်​ဖြစ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​၏​ဘုရားသခင်​အစား သဝန်တို​၍ အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သောကြောင့် ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
14မိဒျန်​အမျိုးသမီး​နှင့်အတူ အသေသတ်​ခံရ​သည့် အစ္စရေး​အမျိုးသား​၏​အမည်​မှာ ဇိမရိ​ဖြစ်၍ သူ​သည် ရှိမောင်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​ဖြစ်​သော သာလု​၏​သား​ဖြစ်​၏​။ 15အသတ်​ခံရ​သော​မိဒျန်​အမျိုးသမီး​၏​အမည်​မှာ ကောဇဘိ​ဖြစ်၍ သူ​သည် မိဒျန်​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​နှင့်ဆိုင်သော​မျိုးနွယ်စု​၏​အကြီးအမှူး​ဖြစ်​သော ဇုရ​၏​သမီး​ဖြစ်​၏​။
မိဒျန်လူမျိုးတို့ကို ပြန်ရန်ပြုခြင်း
16တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
17“​မိဒျန်​လူမျိုး​တို့​ကို ရန်ပြု​၍ သူ​တို့​ကို သုတ်သင်​ပစ်​ရ​မည်​။ 18အကြောင်းမူကား သူ​တို့​သည် ပေဂုရ​ဘုရား​အမှု​အားဖြင့်​လည်းကောင်း​၊ ပေဂုရ​ဘုရား​အမှု​ကြောင့် ဘေးဒဏ်​ကျရောက်​သော​နေ့​၌ အသတ်​ခံရ​သော သူ​တို့​၏​နှမ​၊ မိဒျန်​ခေါင်းဆောင်​၏​သမီး​ကောဇဘိ​အမှု​အားဖြင့်​လည်းကောင်း ပရိယာယ်ပြု​၍ သင်​တို့​ကို ရန်ပြု​ခဲ့​၏​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 25: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ