YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံအနာဂတ္တိကျမ်း 2

2
နိနေဝေမြို့ကိုတိုက်ခိုက်ခြင်း
1အဖျက်သမား​သည် သင့်​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​လာ​ပြီ​။ ခံတပ်​၌ အစောင့်ချ​ထား​လော့​။ လမ်း​ကို စောင့်ကြည့်​ထား​လော့​။ ခါးစည်း​ကို မြဲ​စေ​လော့​။ အင်အား​ရှိသမျှ​ကို စုစည်း​လော့​။ 2လုယက်ဖျက်ဆီး​သော​သူ​တို့​သည် အကိုင်းအခက်​များ​ပါ​မကျန် လုယက်​ဖျက်ဆီး​ခဲ့​သော်လည်း စင်စစ် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​ဘုန်းတန်ခိုး​ကဲ့သို့ ယာကုပ်​အမျိုး​၌ ဘုန်းတန်ခိုး​ပြန်ပေး​တော်မူ​မည်​။ 3သူ့​စစ်သူရဲ​တို့​၏​ဒိုင်းလွှား​များ​ကို အနီရောင်ချယ်​ထား​ကြ​၏​။ စစ်သည်​တို့​သည် အနီရောင်​ဝတ်စုံ​ကို ဝတ်ဆင်​ထား​ကြ​၏​။ စစ်ခင်းကျင်း​သော​နေ့​၌ စစ်ရထား​တို့​သည် သတ္တုရောင်​တောက်ပြောင်​လျက်​၊ လက်နက်​များ​ကို​လည်း ဝှေ့ယမ်း​လျက်​ရှိ​၏​။ 4မြင်းရထား​သည် လမ်းမ​တစ်လျှောက် ဒုန်းစိုင်း​ပြေးလာ​၏​။ လဟာပြင်​တွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှား​နေ​ပုံ​မှာ မီးရှူးမီးပန်း​ဖောက်​သကဲ့သို့​လည်းကောင်း​၊ လျှပ်စီး​တဖျပ်ဖျပ်လက်​သကဲ့သို့​လည်းကောင်း ဖြစ်​၏​။ 5သူ​သည် သူ​၏​မှူးမတ်​တို့​ကို သတိရ​လေ​၏​။ သူ​တို့​သည် လမ်း​၌​ခလုတ်တိုက်​လဲကျ​ပြီး မြို့ရိုး​သို့ အလျင်အမြန်​ပြေးလာ​၍ ဒိုင်းလွှား​များ​ဆောင်​လျက် အဆင်သင့် နေရာယူ​ကြ​၏​။ 6မြစ်ရေ​ထိန်း​တံခါး​များ ပေါက်ထွက်​သွား​သဖြင့် နန်းတော်​လည်း ပျက်စီး​သွား​၏​။ 7ဘုရင်မ​ကို သုံ့ပန်း​အဖြစ် ဖမ်းခေါ်​သွား​ရန် အမိန့်ထုတ်ဆင့်​သဖြင့် သူ​၏​ကျွန်မ​တို့​သည် ရင်ဘတ်စည်တီး​လျက် ချိုးငှက်​အသံ​ကဲ့သို့ ညည်းတွား​လျက်​နေ​ကြ​၏​။ 8ရှေးယခင်​ကတည်းက နိနေဝေ​မြို့​သည် ရေ​စီးထွက်​နေ​သော​ရေကန်​နှင့်​တူ​၏​။ “​ရပ်​ပါ ရပ်​ပါ​”​ဟု ဆို​သော်လည်း မည်သူ​မျှ ပြန်လှည့်​မ​လာ​ကြ​။ 9ငွေ​တို့​ကို လုယူ​ကြ​။ ရွှေ​တို့​ကို လုယက်​ကြ​။ အဖိုးမဖြတ်​နိုင်​သော​ရတနာပစ္စည်း​တို့​သည် အတိုင်းမသိ များ​လှ​၏​။ 10မြို့​သည် ဘာမျှ​မ​ကျန်​အောင် ပျက်စီး​၍ ဟင်းလင်းပြင်​ဖြစ်​လေ​ပြီ​။ လူ​တို့​သည်​လည်း စိတ်ပျက်အားလျော့​လျက်​၊ ကြောက်ဒူးတုန်​လျက်​၊ ခါးချည့်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​ကြ​လေ​ပြီ​။ 11ခြင်္သေ့ထီး​တို့ ခိုအောင်း​ရာ​၊ ခြင်္သေ့ပျို​တို့ ကျက်စား​ရာ​ကား အဘယ်မှာ​နည်း​။ ထို​နေရာ​သည် ခြင်္သေ့ထီး​၊ ခြင်္သေ့မ​၊ ခြင်္သေ့​သားပေါက်​တို့​ကျင်လည်​ရာ​အရပ်​၊ ခြောက်လှန့်​သူ​မ​ရှိ​ရာ​အရပ် ဖြစ်​၏​။ 12ခြင်္သေ့ထီး​သည် သားပေါက်​များ စား​လောက်အောင် သားကောင်​ကို​သတ်ဖြတ်​ကိုက်ဖဲ့​ပေး​၏​။ ခြင်္သေ့မ​တို့​အတွက် သားကောင်​တို့​ကို ဖမ်းဆီးသတ်ဖြတ်​ပေး​၏​။ ခိုအောင်း​ရာ​ဂူ​ထဲ၌ သားကောင်​များ​နှင့် ပြည့်​စေ​၏​။ 13ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို တိုက်ခိုက်​မည်​။ သင့်​စစ်ရထား​ကို မီးရှို့​ပစ်​မည်​။ သင့်​ခြင်္သေ့ပျို​တို့​ကို ဓား​ဖြင့်​ဖျက်ဆီး​မည်​။ သင့်​သားကောင်​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​မည်​။ စေတမန်​တို့​၏​အသံ​ကို​လည်း နောက်တစ်ဖန် ကြား​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

နာဟုံအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ