YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 9:14-50

ရှင်မာကုခရစ်ဝင် 9:14-50 MSBU

ထို့နောက် သူ​တို့​သည် အခြား​တပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် တပည့်​တော်​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​၍ ကျမ်းပြု​ဆရာ​တို့​သည် သူ​တို့​နှင့်​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​တွေ့မြင်​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ကို​မြင်​သည်နှင့် အလွန်​အံ့သြ​လျက် ပြေး​လာ​၍ ကိုယ်တော်​ကို​နှုတ်ဆက်​ကြ​၏။ ကိုယ်တော်​က​လည်း တပည့်​တော်​တို့​အား“သင်​တို့​သည် ထို​သူ​တို့​နှင့် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​နေ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။ နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် သူငယ်​ကို အထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်တော်​ကို​မြင်​လျှင် သူငယ်​ကို ချက်ချင်း​တက်​စေ​သဖြင့် သူငယ်​သည် မြေ​ပေါ်သို့​လဲကျ​ပြီး ပါးစပ်​မှ​အမြှုပ်​ထွက်​လျက် လူးလိမ့်​နေ​၏။ ကိုယ်တော်​က သူငယ်​၏​ဖခင်​အား“သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။ နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ သူငယ်​၏​ဖခင်​က “အကျွန်ုပ်​ယုံကြည်​ပါ​၏။ အကျွန်ုပ်​၏​မ​ယုံကြည်​မှု​ကို ကူညီမစ​တော်မူ​ပါ”​ဟု ချက်ချင်း​အော်ဟစ်​လျက် လျှောက်ထား​လေ​၏။ ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက်“ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။ သို့သော် ယေရှု​သည် သူငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူမ​တော်မူ​ရာ သူ​သည်​ထ​လေ​၏။ ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​က “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ထို​နတ်​မျိုး​ကို ဆုတောင်း​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မည်သည့်​နည်း​နှင့်​မျှ မ​နှင်ထုတ်​နိုင်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့သော် ကိုယ်တော်​သည် မည်သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက်“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ တပည့်​တော်​တို့​သည် ထို​စကား​ကို နား​မ​လည်​ကြ​သော်လည်း ကိုယ်တော်​အား​မ​မေး​ဝံ့​ကြ​ချေ။ ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ၌​ရှိ​တော်မူ​စဉ် ကိုယ်တော်​က တပည့်​တော်​တို့​အား“သင်​တို့​သည် လမ်း​၌ မည်သည့်​အကြောင်းအရာ​ကို အချေအတင်​ပြောဆို​လာ​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ အကြောင်းမှာ မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု လမ်း​၌ အချင်းချင်း​အချေအတင်​ပြောဆို​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​သည်​ထိုင်​လျက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​ပြီးလျှင်“မည်သူမဆို ပထမ​ဦးဆုံး​ဖြစ်​လို​လျှင် အားလုံး​တွင် နောက်ဆုံး​ဖြစ်​ပြီး အားလုံး​၏​အစေခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌​ရပ်​စေ​ပြီးလျှင် သူ့​ကို​ပွေ့ချီ​ကာ “ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။ ယောဟန်​က “ဆရာ၊ ဆရာ​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ငါ​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် ငါ​တို့​ဘက်သား​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ခရစ်တော်​၏​တပည့်​ဟူသော​အမည်​နာမ​ကို​ထောက်၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။ လူ​တိုင်း​သည် မီး​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့် အရသာ​ပြန်​ရှိ​စေ​မည်နည်း။ သင်​တို့​သည် မိမိ​ကိုယ်တိုင်​၌ ဆား​ရှိ​စေ​၍ အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။