YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 7

7
ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်း
1ထိုအခါ​၌ ဖာရိရှဲ​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လာ​သော ကျမ်းပြု​ဆရာ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​စုဝေး​ကြ​၍ 2တပည့်​တော်​အချို့​တို့​သည် မစင်ကြယ်​သော​လက်၊ တစ်နည်းဆိုသော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​နေ​ကြ​သည်​ကို တွေ့မြင်​ကြ​၏။ 3(ဖာရိရှဲ​တို့​မှစ၍ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​၍ လက်​ကို ကျင့်ထုံး​အတိုင်း​မ​ဆေး​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။ 4ဈေး​အရပ်​မှ ပြန်လာ​သောအခါ​တွင်​လည်း မိမိ​တို့​ကိုယ်​ကို​မ​ဆေးကြော​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေး​ပန်းကန်​နှင့် ခုတင်​တို့​ကို ဆေးကြော​ခြင်း​နှင့်​ပတ်သက်​၍ သူ​တို့​ခံယူ​ကျင့်သုံး​ရန် ဆက်ခံ​ထား​သော အခြား​ဓလေ့​ထုံးတမ်း​များစွာ​ရှိ​ကြ​၏။) 5ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “သင်​၏​တပည့်​တို့​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​နှင့်အညီ​မ​လိုက်လျှောက်​ဘဲ မစင်ကြယ်​သော​လက်​ဖြင့် အစာ​စား​ကြ​သနည်း”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ 6ကိုယ်တော်​က​လည်း“ဟေရှာယ​သည် သူတော်ကောင်း​ယောင်ဆောင်​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏။ ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။ 7သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို​အချည်းနှီး​ကိုးကွယ်​ကြ​၏’#မ 15:8-9၊ ဟေရှာ 29:13။ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း 8သင်​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​ကို​ပယ်​၍ လူ​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​ကြ​၏”​ဟု မိန့်​တော်မူ​၏။
9တစ်ဖန် သူ​တို့​အား“သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​ကို​တည်​စေရန် ဘုရားသခင်​၏​ပညတ်​တော်​ကို ကောင်းစွာ​ပစ်ပယ်​ကြ​သည်​တကား။ 10အကြောင်းမူကား မောရှေ​က ‘သင်​၏​ဖခင်​နှင့်​မိခင်​တို့​ကို ရိုသေ​လော့။ ဖခင်​၊ သို့မဟုတ် မိခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’#မ 15:4၊ ထွ 20:12၊ 21:17၊ ဝတ် 20:9၊ တရား 5:16။ဟု ဆို​ထား​၏။ 11သို့သော် သင်​တို့​သည် ‘လူ​တစ်ဦး​က ဖခင်​၊ သို့မဟုတ် မိခင်​အား “အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​တည်းဟူသော ကော်ဘန်​ဖြစ်​ပါ​ပြီ”​ဟူ၍ ပြော​လျှင် ရ​၏’​ဟု ဆို​လျက် 12ထို​သူ​အား ဖခင်​၊ သို့မဟုတ် မိခင်​အတွက် မည်သည့်​အရာ​ကို​မျှ လုပ်​ခွင့်​မ​ပေး​ကြ​တော့​ပေ။ 13ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​ဆက်ခံ​သော​ဓလေ့​ထုံးတမ်း​အားဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ ထိုကဲ့သို့သော​အမှုအရာ​များစွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏”​ဟု မိန့်​တော်မူ​၏။
အတွင်းမှလာသောညစ်ညူးခြင်း
14ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို နောက်တစ်ဖန်​ခေါ်​ပြီးလျှင်“သင်​တို့​အားလုံး ငါ့​စကား​ကို​နားထောင်​၍ နားလည်​ကြ​လော့။ 15လူ​၏​ပြင်ပ​မှ လူ့​အထဲသို့​ဝင်​၍ လူ​ကို​ညစ်ညူး​စေ​နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ လူ့​အတွင်း​မှ​ထွက်လာ​သော​အရာ​များ​က​သာ လူ​ကို​ညစ်ညူး​စေ​ကြ​၏။ 16ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။
17ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ​ထွက်ခွာ​၍ အိမ်​ထဲသို့​ဝင်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​အကြောင်း​ကို ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ 18ထိုအခါ ကိုယ်တော်​က“သင်​တို့​သည်​လည်း ဤမျှလောက် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ပြင်ပ​မှ လူ့​အထဲသို့​ဝင်​သမျှ​သော​အရာ​သည် လူ​ကို​မ​ညစ်ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ 19အကြောင်းမူကား ထို​အရာ​သည် လူ​၏​စိတ်နှလုံး​ထဲသို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲသို့​ဝင်​ပြီးလျှင် ရေအိမ်​ထဲသို့​ရောက်သွား​၏”​ဟု မိန့်​တော်မူ​လျက် အစာ​အားလုံး​စင်ကြယ်​ကြောင်း​ဖော်ပြ​တော်မူ​၏။
20တစ်ဖန် ကိုယ်တော်​က“လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။ 21အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊ 22အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။ 23ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ထွက်လာ​၍ လူ​ကို​ညစ်ညူး​စေ​၏”​ဟု မိန့်​တော်မူ​၏။
ဆီးရီးယားဖိုနီးရှားအမျိုးသမီး၏ယုံကြည်ခြင်း
24ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ တိုင်ရာ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​ပြီးလျှင် အိမ်​တစ်​အိမ်​သို့​ဝင်​တော်မူ​၏။ မည်သူ​မျှ​မ​သိ​စေရန် အလို​တော်​ရှိ​သော်လည်း ပုန်းရှောင်​၍​မ​နေ​နိုင်​ပေ။ 25ညစ်ညူး​သော​နတ်​ပူး​နေ​သည့် သမီး​ငယ်​တစ်ယောက်​၏​မိခင်​သည် ကိုယ်တော်​၏​အကြောင်း​ကို​ကြား​လျှင် ချက်ချင်း​လာ​၍ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် 26နတ်ဆိုး​ကို မိမိ​သမီး​ထဲမှ နှင်ထုတ်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​လေ​၏။ ထို​အမျိုးသမီး​သည် ဆီးရီးယားဖိုနီးရှား​နယ်သူ၊ ဂရိ​လူမျိုး​ဖြစ်​၏။
27ကိုယ်တော်​က​လည်း“သားသမီး​တို့​ကို​ဦးစွာ ဝလင်​အောင်​ကျွေး​ပါရစေ။ သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပေ”​ဟု မိန့်​တော်မူ​၏။ 28ထို​အမျိုးသမီး​က​မူ “သခင်​ဘုရား၊ စားပွဲ​အောက်၌​ရှိ​သော​ခွေးကလေး​များ​ပင်လျှင် သားသမီး​တို့​၏​စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။ 29ကိုယ်တော်​က​လည်း“ဤ​စကား​ကြောင့် သင်​ပြန်​လော့။ နတ်ဆိုး​သည် သင့်​သမီး​ထဲမှ ထွက်သွား​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။
30ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​အိမ်​သို့​ပြန်​သွား​ရာ သမီး​သည် ခုတင်​ပေါ်၌​လဲလျောင်း​နေ​၍ နတ်ဆိုး​သည် ထွက်သွား​ပြီ​ဖြစ်ကြောင်း တွေ့ရ​လေ​၏။
အရာရာကိုကောင်းစွာပြုတော်မူခြင်း
31ထို့နောက် ကိုယ်တော်​သည် တိုင်ရာ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​မှ တစ်ဖန်​ထွက်ခွာ​လျက် ဆီဒုန်​မြို့​ကို​ဖြတ်​ကာ ဒေကာပေါလိ​နယ်​နှင့်ဆိုင်သော​အရပ်​ဒေသ​အလယ်ပိုင်း​မှတစ်ဆင့် ဂါလိလဲ​ပင်လယ်​သို့​ကြွ​တော်မူ​၏။ 32ထိုအခါ လူ​တို့​သည် နားမကြား​၍​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီး သူ့​အပေါ် လက်​တော်​တင်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​ကြ​၏။
33ကိုယ်တော်​သည် ထို​သူ​တစ်ဦးတည်း​ကို​သာ လူထု​ပရိသတ်​ထဲမှ​ခေါ်သွား​၍ လက်ညှိုး​တော်​တို့​ကို သူ​၏​နား​နှစ်​ဖက်​ထဲသို့ သွင်း​တော်မူ​၏။ တစ်ဖန် တံတွေး​ထွေး​၍ သူ​၏​လျှာ​ကို တံတွေး​ဖြင့်​တို့​တော်မူ​၏။ 34ထို့နောက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​လျက် သက်ပြင်းချ​ကာ“ဧဖသ”​ဟု မိန့်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“ပွင့်​စေ”​ဟူ၍ ဖြစ်​၏။ 35ထို​ခဏချင်း​တွင် သူ​၏​နား​သည်​ပွင့်​၍ သူ​၏​လျှာ​ကြော​ပြေလျော့​ကာ သူ​သည် ပီသ​စွာ​စကား​ပြော​လေ​၏။
36ကိုယ်တော်​သည် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။ သို့သော် သူ​တို့​ကို ထိုသို့​မိန့်မှာ​တော်မူ​လေ သူ​တို့​သည် ပို၍​ပြော​လေ​ဖြစ်​၏။ 37လူ​တို့​သည် အတိုင်းထက်အလွန်​အံ့အားသင့်​လျက် “ကိုယ်တော်​သည် အလုံးစုံ​တို့​ကို လျောက်ပတ်​စွာ​ပြု​တော်မူ​ပြီ။ နားမကြား​သော​သူ​ကို ကြား​စေ​တော်မူ​၍ ဆွံ့အ​သော​သူ​ကို​စကား​ပြော​စေ​တော်မူ​၏”​ဟု ပြောဆို​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

Videos for ရှင်မာကုခရစ်ဝင် 7