YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 5:21-34

ရှင်မာကုခရစ်ဝင် 5:21-34 MSBU

ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ် ယာဣရု​အမည်​ရှိ​သော ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​တစ်​ဦး​သည် ရောက်လာ​၍ ကိုယ်တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ “အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။ ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ များစွာ​သော​ဆေးဆရာ​တို့​ထံ၌ အလွန်​ဝေဒနာ​ခံစား​ရ​လျက် မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သည့်​အကျိုး​မျှ​မ​ရှိ​သည်​သာမက ရောဂါ​ပို၍​ဆိုးရွား​လာ​သော​အမျိုးသမီး​တစ်​ဦး​သည် ယေရှု​အကြောင်း​ကို​ကြား​၍ “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု ဆို​လျက် လူထု​ပရိသတ်​ကြား​မှ ကိုယ်တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်ရုံ​တော်​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်သွား​သဖြင့် သူ​သည် ရောဂါ​ဝေဒနာ​ပျောက်ကင်း​သွား​ကြောင်း မိမိ​ကိုယ်ခန္ဓာ​၌ ခံစား​သိရှိ​ရ​၏။ ယေရှု​သည် မိမိ​ထံမှ​တန်ခိုး​ထွက်​သည်​ကို ချက်ချင်း​သိ​တော်မူ​၍ လူထု​ပရိသတ်​ဘက်​သို့​လှည့်ကြည့်​ကာ“ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ကိုယ်တော်​ကို​တိုးဝှေ့​နေ​ကြ​သည့် လူထု​ပရိသတ်​ကို​မြင်​တော်မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်သူ​တို့ထိ​သနည်း’​ဟူ၍ မေး​တော်မူ​ရ​ပါ​သလော”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထိုသို့​ပြု​သော​သူ​ကို​တွေ့မြင်​ရန် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​၏။ ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌​မည်သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သဖြင့် ကြောက်ရွံ့​တုန်လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ဟုတ်မှန်​သည့်​အတိုင်း အကုန်အစင်​လျှောက်ထား​လေ​၏။ ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​၍ သင်​၏​ရောဂါ​ဝေဒနာ​နှင့်​ကင်းလွတ်​လော့”​ဟု မိန့်​တော်မူ​၏။