YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 4:21-41

ရှင်မာကုခရစ်ဝင် 4:21-41 MSBU

တစ်ဖန် ကိုယ်တော်​က“ဆီမီး​ကို တောင်း​အောက်​၊ သို့မဟုတ် ခုတင်​အောက်၌​ထား​ရန် ယူလာ​လေ့​ရှိ​သလော။ ဆီမီးခုံ​ပေါ်၌​ထား​ရန် ယူလာ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကို​ပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။ သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။ မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။ အသီး​မှည့်​သောအခါ ရိတ်သိမ်း​ချိန်​ရောက်လာ​သည်​ဖြစ်၍ သူ​သည် ချက်ချင်း​တံစဉ်​ဖြင့်​ရိတ်​လေ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ကိုယ်တော်​က“ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။ ၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။ စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။ ထို​နေ့ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​က“တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။ ထိုအခါ ပြင်းထန်​သော​လေ​မုန်တိုင်း​ကျရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်ခတ်​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​နှိုး​လျက် “ဆရာ၊ အကျွန်ုပ်​တို့​သေ​ရ​တော့မည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား“တိတ်ဆိတ်​ငြိမ်သက်​လော့”​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။ ထို့နောက် ကိုယ်တော်​က“အဘယ်ကြောင့် ကြောက်​တတ်​သနည်း။ ယခု​ထိ ယုံကြည်​ခြင်း​မ​ရှိ​ကြ​သေး​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

ရှင်မာကုခရစ်ဝင် 4:21-41 အကြောင်း ဗီဒီယိုများ