YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 3:7-19

ရှင်မာကုခရစ်ဝင် 3:7-19 MSBU

ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊ ဂျေရုဆလင်​မြို့၊ ဣဒုမဲ​နယ်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​မှစ၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​ပတ်ဝန်းကျင်​မှ လူ​အမြောက်အမြား​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သမျှ​တို့​ကို​ကြား​သဖြင့် အထံ​တော်​သို့​လာ​ကြ​၏။ လူထု​ပရိသတ်​များ​ရှိ​နေ​သောကြောင့် ကိုယ်တော်​သည် မိမိ​ကို လူ​တို့​မ​တိုးကြိတ်​မိ​စေရန် လှေ​တစ်​စီး​ကို သူ့​အတွက်​အဆင်သင့်​ထားရှိ​မည့်​အကြောင်း တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။ ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။ ကိုယ်တော်​က​လည်း မိမိ​အကြောင်း​ကို သိသာထင်ရှား​အောင်​မ​ပြု​ရန် ထို​နတ်ဆိုး​တို့​ကို တင်းကျပ်​စွာ​သတိပေး​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တောင်​ပေါ်သို့​တက်​သွား​၍ အလို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်မူ​လျှင် သူ​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​တို့​ကို ခန့်ထား​ပြီးလျှင် သူ​တို့​ကို တမန်တော်​ဟူ၍​ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ဤသည်ကား သူ​တို့​ကို ကိုယ်တော်​နှင့်အတူ​ရှိ​စေရန်​နှင့် သူ​တို့​ကို​စေလွှတ်​၍ တရားဟော​စေ​ကာ နတ်ဆိုး​တို့​ကို​နှင်ထုတ်​နိုင်​သည့်​အခွင့်​အာဏာ​ရှိ​စေရန်​အတွက်​ဖြစ်​၏။ ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊ မိုးကြိုး​၏​သား​များ​ဟူ၍​အဓိပ္ပာယ်​ရ​သည့် ဗောနေရဂက်​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ဇေဗေဒဲ​၏​သား​ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။