YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 16:1-16

ရှင်မာကုခရစ်ဝင် 16:1-16 MSBU

ဥပုသ်နေ့​လွန်​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​၏​မိခင်​မာရိ​နှင့် ဆလိုမေ​တို့​သည် အလောင်း​တော်​ကို သွား​၍​လိမ်း​ရန် အမွှေးနံ့သာ​ကို ဝယ်ယူ​ကြ​၏။ ထို့နောက် ရက်သတ္တပတ်​၏​ပထမ​နေ့၊ နံနက်​စောစော နေ​ထွက်​ချိန်​၌ သူ​တို့​သည် သင်္ချိုင်း​တော်​သို့​ရောက်လာ​ကြ​၏။ သူ​တို့​က “ငါ​တို့​အတွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်တုံး​ကို မည်သူ​လှိမ့်ဖယ်​ပေး​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် သူ​တို့​မျှော်ကြည့်​ကြ​သောအခါ ကျောက်တုံး​အား လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်တုံး​ကား အလွန်​ကြီးမား​လှ​၏။ ထို့နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ကြ​ရာ ဝတ်လုံ​ဖြူ​ဝတ်ဆင်​သော​လူငယ်​တစ်​ဦး​သည် လက်ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့မြင်​သဖြင့် ထိတ်လန့်​အံ့ဩ​ကြ​၏။ သို့သော် ထို​သူ​က “ထိတ်လန့်​အံ့ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​ကြ​၏။ ကိုယ်တော်​သည်​ထမြောက်​တော်မူ​ပြီ။ ဤ​နေရာ​၌​မ​ရှိ။ အလောင်း​တော်​သွင်းထား​သည့်​နေရာ​ကို​ကြည့်​ကြ​လော့။ သင်​တို့​မူကား သွား​၍ တပည့်​တော်​များ​နှင့် ပေတရု​အား ‘ကိုယ်တော်​သည် သင်​တို့​ကို​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​သည်​တုန်လှုပ်​လျက် မိန်းမော​တွေဝေ​သဖြင့် သင်္ချိုင်း​ဂူ​ထဲမှ​ထွက်လာ​ပြီးလျှင် ထွက်ပြေး​ကြ​၏။ သူ​တို့​သည်​ကြောက်ရွံ့​သောကြောင့် မည်သူ့​ကို​မျှ မည်သည့်​အရာ​မျှ​မ​ပြော​ကြ​ချေ။ [ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။ မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။ သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။ ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။ ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။ ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။