မွန်းတည့်ချိန်ရောက်သောအခါ မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လာ၍ မွန်းလွဲသုံးနာရီတိုင်အောင် ထိုသို့ဖြစ်လေ၏။ မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ဖြစ်၏။ အနီး၌ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ကြည့်ပါ။ သူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။ ထိုအခါ လူတစ်ဦးသည်ပြေးသွား၍ ရေမြှုပ်ကို ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေကာ “ရှိပါလေစေ။ ဧလိယသည် သူ့ကို အောက်သို့ချရန် လာမည်၊ မလာမည်ကို ငါတို့ကြည့်ကြစို့”ဟု ဆိုလေ၏။ ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ချုပ်ငြိမ်းတော်မူ၏။ ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။ ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။ သူတို့သည် ဂါလိလဲနယ်၌ ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်သို့လိုက်၍ ကိုယ်တော်ကိုလုပ်ကျွေးပြုစုခဲ့သူများဖြစ်ကြ၏။ သူတို့အပြင် ကိုယ်တော်နှင့်အတူ ဂျေရုဆလင်မြို့သို့လိုက်ပါလာသည့် များစွာသောအခြားအမျိုးသမီးများလည်းရှိကြ၏။ ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် ယေရှုသေဆုံးပြီလောဟုအံ့ဩ၍ တပ်မှူးကိုခေါ်လျက် ယေရှုသေဆုံးပြီဖြစ်ကြောင်း ဟုတ်၊ မဟုတ်မေးလေ၏။ တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။ ထိုအခါ ယောသပ်သည် ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူထဲတွင်သွင်းထား၏။ ထို့နောက် ကျောက်တုံးကိုလှိမ့်၍ သင်္ချိုင်းဂူဝကို ပိတ်ထားလေ၏။ မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။
ရှင်မာကုခရစ်ဝင် 15 ကိုဖတ်ပါ။
နားထောင်ပါ ရှင်မာကုခရစ်ဝင် 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 15:33-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ