YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 15:33-41

ရှင်မာကုခရစ်ဝင် 15:33-41 MSBU

မွန်းတည့်​ချိန်​ရောက်​သောအခါ မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လာ​၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် ထိုသို့​ဖြစ်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​အချိန်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍​ဖြစ်​၏။ အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။ ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။ သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။