YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 15:1-15

ရှင်မာကုခရစ်ဝင် 15:1-15 MSBU

နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လေ​၏။ ကိုယ်တော်​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ကိုယ်တော်​ကို အမျိုးမျိုး​စွပ်စွဲ​ကြ​၏။ တစ်ဖန် ပိလတ်​မင်း​သည် ကိုယ်တော်​အား “သင်​သည် တစ်စုံတစ်ခုမျှ​မ​ဖြေ​ဘဲ​နေ​သလော။ သင့်​ကို​မည်မျှလောက်​စွပ်စွဲ​နေ​ကြ​သည်​ကို​ကြည့်​ပါ”​ဟု ဆို​၏။ သို့သော် ယေရှု​သည် နောက်ထပ် မည်သည့်​အရာ​ကို​မျှ ပြန်​၍ မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ပိလတ်​မင်း​သည် အံ့ဩ​လေ​၏။ ပိလတ်​မင်း​သည် ပွဲတော်​ကျရောက်​တိုင်း လူ​တို့​တောင်းဆို​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ ထို​အချိန်​တွင် ဆူပူ​အုံကြွ​မှု​ဖြစ်စဉ်​က လူသတ်မှု​ကျူးလွန်​သဖြင့် ဆူပူ​အုံကြွ​သူ​များ​နှင့်အတူ​အကျဉ်းချ​ခံရ​သည့် ဗာရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။ လူထု​ပရိသတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အတိုင်း သူ​တို့​အတွက်​ဆောင်ရွက်​ပေး​ရန် တောင်းဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​တို့​အတွက် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို လွှတ်ပေး​စေ​လို​သလော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။ ထိုသို့​မေး​ခြင်း​မှာ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ခဲ့​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ဗာရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အကြောင်း တောင်းဆို​ကြ​ရန် လူထု​ပရိသတ်​ကို​လှုံ့ဆော်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု တစ်ဖန် မေး​လေ​သော် သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​အပြစ်​ကို​ကျူးလွန်​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​သည် လူထု​ပရိသတ်​ကို​ကျေနပ်​စေ​လို​၍ သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။