YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 13:14-37

ရှင်မာကုခရစ်ဝင် 13:14-37 MSBU

ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် အောက်သို့​မ​ဆင်း​စေ​နှင့်။ မိမိ​အိမ်​ထဲမှ တစ်စုံတစ်ခု​ကို​ယူ​ရန် အိမ်​ထဲသို့​လည်း​မ​ဝင်​စေ​နှင့်။ လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။ ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​သည် ဆောင်း​ရာသီ​၌ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။ ထာဝရ​ဘုရား​သည် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သည့် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏။ ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ကြည့်​လော့။ ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။ အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။ သို့ဖြစ်၍ သင်​တို့​သည် သတိပြု​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။ သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။ သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည် နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​များ​ဖြစ်ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့​ရောက်ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​များ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ သို့သော် ထို​နေ့ရက်​၊ သို့မဟုတ် ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။ သတိပြု​၍​နိုးနိုးကြားကြား​ရှိ​ကြ​လော့။ အကြောင်းမူကား ထို​အချိန်​သည် မည်သည့်​အခါ​၌​ကျရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။ ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။ သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သို့မဟုတ်လျှင် သူ​သည်​ရုတ်တရက်​ပြန်လာ​၍ သင်​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်မည်။ သတိ​နှင့်​စောင့်​နေ​ကြ​လော့​ဟု သင်​တို့​ကို ငါ​ဆို​သည့်​အတိုင်း လူ​ခပ်သိမ်း​တို့​အား ငါ​ဆို​၏”​ဟု မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် 13:14-37 အကြောင်း ဗီဒီယိုများ