သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကိုသေဒဏ်စီရင်၍ လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ လူမျိုးခြားတို့သည် သူ့ကိုပြောင်လှောင်၍ တံတွေးနှင့်ထွေးပြီး ဒဏ်ခတ်ရိုက်နှက်ကာအသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်ကြာသောအခါ သူသည်ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ အကျွန်ုပ်တို့တောင်းသမျှတို့ကို အကျွန်ုပ်တို့အတွက် ပြုပေးစေလိုပါ၏”ဟု ကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော်ကလည်း“သင်တို့အတွက် မည်သည့်အရာကို ပြုစေလိုကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ကို ကိုယ်တော်၏ဘုန်းအသရေ၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြ၏။ သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကိုသောက်ရန်၊ သို့မဟုတ် ငါခံမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်နိုင်ကြသလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ငါသောက်မည့်ခွက်ကို သင်တို့သောက်ကြလိမ့်မည်။ ငါခံမည့်ဗတ္တိဇံကိုလည်း သင်တို့ခံကြလိမ့်မည်။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။ ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။ ထိုအခါ ယေရှုသည် သူတို့ကိုခေါ်လျက်“လူမျိုးခြားတို့တွင် သူတို့ကိုအုပ်ချုပ်ရန် သတ်မှတ်ထားခြင်းခံရသောသူတို့သည် ပြည်သူတို့အပေါ် စိုးမိုးခြယ်လှယ်ကြ၍ သူတို့၏အကြီးအကဲတို့သည် သူတို့အပေါ် အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။ သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အားလုံး၏အစေအပါးဖြစ်ရမည်။ အကြောင်းမူကား လူ့သားသည်လည်း လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာ၏”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။ နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။ လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။ ထိုအခါ ယေရှုသည်ရပ်တန့်လျက်“သူ့ကိုခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ လူတို့သည်လည်း ထိုမျက်မမြင်ကိုခေါ်၍ “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကိုခေါ်တော်မူ၏”ဟု ဆိုကြ၏။ သူသည်လည်း မိမိဝတ်ရုံကို ဘေးသို့ပစ်ချပြီး ထ၍ ယေရှုထံသို့လာလေ၏။ ယေရှုက“သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း”ဟု မေးတော်မူလျှင် မျက်မမြင်က “ရဗ္ဗုနိ၊ မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ လမ်းခရီးတစ်လျှောက် နောက်တော်သို့လိုက်သွားလေ၏။
ရှင်မာကုခရစ်ဝင် 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 10:32-52
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ