YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 10:26-45

ရှင်မာကုခရစ်ဝင် 10:26-45 MSBU

ထိုအခါ တပည့်​တော်​တို့​သည် ပို၍​ပင်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ဤ​အရာ​သည် လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက်​မူကား ထိုသို့​မ​ဟုတ်။ အကြောင်းမှာ ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည်​ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။ ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မည်သူမဆို ငါ့​အတွက်​နှင့် ကောင်းမြတ်​သော​သတင်း​အတွက် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​လျှင် ထို​သူ​သည် ယခု​ဘဝ​၌ ညှဉ်းဆဲ​ခြင်း​များ​ပါ​လျက် အဆ​တစ်ရာ​သော​အကျိုး​တည်းဟူသော အိမ်​များ၊ မြေယာ​များ၊ ညီအစ်ကို​မောင်နှမ​များ၊ အမိ​များ၊ သားသမီး​များ​ကို ခံစား​ရ​လျက် နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​ရရှိ​လိမ့်မည်။ သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်မူ​သဖြင့် တပည့်​တော်​တို့​သည်​အံ့အားသင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို တစ်ဖန်​ခေါ်​လျက် မိမိ​၌​ဖြစ်ပျက်​လာ​တော့မည့်​အရာ​များ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​၍ “နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို​သေဒဏ်​စီရင်​၍ လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ လူမျိုးခြား​တို့​သည် သူ့​ကို​ပြောင်လှောင်​၍ တံတွေး​နှင့်​ထွေး​ပြီး ဒဏ်ခတ်​ရိုက်နှက်​ကာ​အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​ကြာ​သောအခါ သူ​သည်​ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဇေဗေဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောဟန်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​တောင်း​သမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အတွက် မည်သည့်​အရာ​ကို ပြု​စေ​လို​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​ကို ကိုယ်တော်​၏​ဘုန်း​အသရေ​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန်​၊ သို့မဟုတ် ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​ခံ​ရန် သင်​တို့​တတ်နိုင်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​တတ်နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်မည်။ ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်မည်။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့် လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ကျန်​တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ယာကုပ်​နှင့်​ယောဟန်​တို့​ကို စိတ်ဆိုး​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် အားလုံး​၏​အစေအပါး​ဖြစ်​ရ​မည်။ အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။