ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။ ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။ ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့အထဲမှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။ ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။ ထို့နောက် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာ၍ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့်အန္ဒြေတို့အိမ်သို့ ချက်ချင်းသွားကြ၏။ ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။ ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။ ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။ ထိုအခါ ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူများစွာတို့ကို ကိုယ်တော်သည်ကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အားစကားပြောခွင့်ပေးတော်မမူ။ နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။ ထိုအခါ ရှိမုန်နှင့်သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော်ကိုလိုက်ရှာ၍ ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
ရှင်မာကုခရစ်ဝင် 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 1:21-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို