YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 9:18-34

ရှင်မဿဲခရစ်ဝင် 9:18-34 MSBU

ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အတူတကွ​လိုက်​သွား​ကြ​၏။ ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​နေ​သော​အမျိုးသမီး​တစ်​ဦး​သည် “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​ပြီး ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို တို့ထိ​လေ​၏။ ယေရှု​သည် လှည့်ကြည့်​၍ သူ့​ကို​မြင်​တော်မူ​လျှင်“သမီး၊ မစိုးရိမ်​နှင့်။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​အမျိုးသမီး​သည် ကျန်းမာ​လာ​လေ​၏။ ထို့နောက် ယေရှု​သည် ထို​အကြီးအကဲ​၏​အိမ်​သို့​ရောက်​တော်မူ​၍ ပလွေ​မှုတ်​သူ​တို့​နှင့် ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​သော​လူ​အစုအဝေး​တို့​ကို​မြင်​လျှင် “ဖယ်​ကြ​လော့။ မိန်းကလေး​သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် လူ​အစုအဝေး​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးနောက် အထဲသို့​ဝင်​၍ မိန်းကလေး​၏​လက်​ကို​ကိုင်​တော်မူ​ရာ မိန်းကလေး​သည်​ထ​လေ​၏။ ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။ ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။ အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။ ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။ သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။