YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 8:1-17

ရှင်မဿဲခရစ်ဝင် 8:1-17 MSBU

ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။ ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​လျှင် တပ်မှူး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “သခင်​ဘုရား၊ အကျွန်ုပ်​၏​ငယ်သား​တစ်​ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​လျက် အိမ်​၌​လဲလျောင်း​နေ​ရ​ပါ​၏”​ဟု တောင်းပန်​လျှောက်​ထား​လေ​၏။ ယေရှု​က​လည်း“ငါ​လာ​၍ သူ့​ကို​ကျန်းမာ​စေ​မည်”​ဟု မိန့်​တော်မူ​သော် တပ်မှူး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံထိုက်​ပါ။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။ ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​လေ​၏။ ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် အံ့ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား“သင်​တို့​ကို ငါ​အမှန်​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ရှိ​သော​သူ​တစ်စုံ​တစ်ဦး​ကို​မျှ အစ္စရေး​လူမျိုး​ထဲ၌ ငါ​မ​တွေ့​ဖူး​ချေ။ သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​လူ​တို့​သည် အရှေ့​အရပ်​နှင့်​အနောက်​အရပ်​တို့​မှ​လာ​၍ ကောင်းကင်​နိုင်ငံ​တော်​၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။ နိုင်ငံ​တော်​၏​သား​တို့​မူကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​သည် တပ်မှူး​အား“သွား​လော့။ သင်​ယုံကြည်​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။ ထို့နောက် ယေရှု​သည် ပေတရု​အိမ်​သို့​ကြွ​တော်မူ​လျှင် ပေတရု​၏​ယောက္ခမ​သည် ဖျားနာ​လျက် အိပ်ရာ​ပေါ်တွင် လဲလျောင်း​နေ​သည်​ကို တွေ့မြင်​တော်မူ​၏။ ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​လက်​ကို တို့ထိ​တော်မူ​ရာ သူ​သည် အဖျား​ပျောက်​သဖြင့် ထ​၍ ကိုယ်တော်​ကို​ဧည့်ဝတ်​ပြု​လေ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ လူ​တို့​သည် နတ်ဆိုး​ပူး​သူ​များစွာ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် နှင်ထုတ်​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။ ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏”​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

ရှင်မဿဲခရစ်ဝင် 8:1-17 အကြောင်း ဗီဒီယိုများ