YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 7:13-29

ရှင်မဿဲခရစ်ဝင် 7:13-29 MSBU

ကျဉ်း​သော​တံခါး​မှ​ဝင်​ကြ​လော့။ အကြောင်းမူကား ပျက်စီး​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျယ်ဝန်း​၍ လမ်း​သည်​ပြန့်ပြူး​၏။ ထို​တံခါး​မှ​ဝင်​သော​သူ​တို့​သည်​လည်း များပြား​လှ​၏။ အသက်ရှင်​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်းတမ်း​၏။ ထို​တံခါး​ကို​တွေ့ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။ ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။ ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။ ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။ ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။ ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။ သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သော်လည်း ကျောက်​ပေါ်၌​အုတ်မြစ်​ချ​ထား​သောကြောင့် ထို​အိမ်​သည် မ​ပြိုလဲ​ပေ။ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။” ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။