YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:38-48

ရှင်မဿဲခရစ်ဝင် 5:38-48 MSBU

‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။ ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။ သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။ ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။