YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:33-48

ရှင်မဿဲခရစ်ဝင် 5:33-48 MSBU

တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။ မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။ သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။ သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။ ‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။ ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။ သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။ ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။