YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:21-44

ရှင်မဿဲခရစ်ဝင် 5:21-44 MSBU

‘လူ​မ​သတ်​ရ။ မည်သူမဆို လူ​သတ်​လျှင် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။ ထို့ကြောင့် ယဇ်ပလ္လင်​၌ သင်​၏​ပူဇော်သက္ကာ​ကို​ဆက်သ​မည်​ပြု​စဉ် သင်​၏​ညီအစ်ကို​သည် သင့်​အား အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​ကြောင်း သင်​သတိရ​လျှင် သင်​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​တွင်​ထားခဲ့​ပြီး သင်​၏​ညီအစ်ကို​ထံသို့ ဦးစွာ​သွား​၍ သူ​နှင့်​ပြန်လည်​သင့်မြတ်​အောင်​ပြု​လော့။ ထို့နောက်မှ ပြန်လာ​၍ သင်​၏​ပူဇော်သက္ကာ​ကို ဆက်သ​လော့။ သင်​သည် သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်မြတ်​အောင် အလျင်အမြန်​ပြု​လော့။ သို့မဟုတ်​ပါက ထို​တရားစွဲဆို​သူ​သည် သင့်​ကို တရားသူကြီး​ထံ​အပ်​၍ တရားသူကြီး​သည် အစောင့်​တပ်သား​ထံ​အပ်​သဖြင့် သင်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင့်​အား ငါ​အမှန်​ဆို​မည်။ နောက်ဆုံး​ကွတ်ရန်တေး​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်။ ‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။ သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်ယာ​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​သို့​မ​လား​ရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။ ‘မိမိ​မယား​ကို​ကွာရှင်း​သော​သူ​သည် ထို​မယား​အား ဖြတ်စာ​ကို​ပေး​စေ’ ဟု​လည်း ပြော​ထား​၏။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။ တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။ မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။ သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။ သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။ ‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။ သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။ သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။ ‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။