YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:13-20

ရှင်မဿဲခရစ်ဝင် 5:13-20 MSBU

သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။ သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။ ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။ ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။ ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​ကို ပယ်ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်စုံ​စေရန်​သာ ငါ​လာ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ကောင်းကင်​နှင့်​မြေကြီး​မ​ကွယ်ပျောက်​မီ​တိုင်အောင်၊ အရာ​အားလုံး​မ​ပြည့်စုံ​မချင်း ပညတ်​တရား​ကျမ်း​ထဲမှ အသေးဆုံး​အက္ခရာ​၊ သို့မဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ ထို့ကြောင့် ဤ​ပညတ်​ချက်​များ​ထဲမှ အသေးငယ်ဆုံး​တစ်​ခု​ကို​ဖောက်ဖျက်​၍ သူတစ်ပါး​ကို​လည်း ထိုနည်းတူ​သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ သို့သော် ၎င်း​ကို​ကျင့်သုံး​၍ သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ ကြီးမြတ်​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။

​ရှင်မဿဲခရစ်ဝင် 5:13-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။