YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:1-14

ရှင်မဿဲခရစ်ဝင် 5:1-14 MSBU

ယေရှု​သည် လူထု​ပရိသတ်​များ​ကို​မြင်​သောအခါ တောင်​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ထိုအခါ နှုတ်​တော်​ကို​ဖွင့်​၍ သူ​တို့​အား သွန်သင်​တော်မူ​သည်​မှာ “စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။ နူးညံ့​သိမ်မွေ့​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အမွေ​ဆက်ခံ​ရ​ကြ​လိမ့်မည်။ ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ သနား​ကြင်နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် သနား​ကြင်နာ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။ ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။ သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။ သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။

ရှင်မဿဲခရစ်ဝင် 5:1-14 အကြောင်း ဗီဒီယိုများ