YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 28:1-8

ရှင်မဿဲခရစ်ဝင် 28:1-8 MSBU

ဥပုသ်နေ့​လွန်​ပြီးနောက် ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်​ချိန်​၌ မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​သည် သင်္ချိုင်း​တော်​ကို​သွား​ကြည့်​ကြ​၏။ ထိုစဉ် အလွန်​ပြင်းထန်​သော ငလျင်​လှုပ်​လေ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​ဆင်း​လာ​၍ ကျောက်တုံး​ကို​လှိမ့်ဖယ်​ကာ ၎င်း​အပေါ်၌ ထိုင်​လေ​၏။ သူ​၏​အဆင်း​သဏ္ဌာန်​သည် လျှပ်စီးလက်​သကဲ့သို့​ဖြစ်​ပြီး သူ​၏​အဝတ်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏။ အစောင့်​တို့​သည် ကောင်းကင်တမန်​ကို​ကြောက်ရွံ့​သဖြင့် တုန်လှုပ်​၍ လူသေ​ကဲ့သို့​ဖြစ်​သွား​ကြ​၏။ ထိုအခါ ကောင်းကင်တမန်​က အမျိုးသမီး​တို့​အား “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခြင်း​ခံရ​သော​ယေရှု​ကို ရှာ​နေ​ကြ​သည်​ကို ငါ​သိ​၏။ ကိုယ်တော်​သည် ဤ​နေရာ​၌​မ​ရှိ။ အကြောင်းမူကား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ထမြောက်​တော်မူ​ပြီ။ ကိုယ်တော်​လျောင်း​တော်မူ​ခဲ့​သည့်​နေရာ​ကို လာ​ကြည့်​ကြ​လော့။ ထို့နောက် အလျင်အမြန်​သွား​၍ တပည့်​တော်​တို့​အား ‘ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ။ ကြည့်ရှု​လော့။ ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့။ သင်​တို့​အား ယခု ငါ​ပြော​ပြီ”​ဟု မြွက်ဆို​လေ​၏။ အမျိုးသမီး​တို့​သည် ကြောက်ရွံ့​ကြ​သော်လည်း အလွန်​ဝမ်းမြောက်​လျက် သင်္ချိုင်း​တော်​မှ အလျင်အမြန်​ထွက်သွား​ကြ​ကာ တပည့်​တော်​တို့​အား ပြောပြ​ရန် ပြေး​သွား​ကြ​၏။