YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 27:35-66

ရှင်မဿဲခရစ်ဝင် 27:35-66 MSBU

ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။ ထို့နောက် ထို​နေရာ​၌ ထိုင်​လျက် ကိုယ်တော်​ကို စောင့်ကြည့်​ကြ​၏။ ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။ ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပြီး လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်ကား​ပြောဆို​ကြ​၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည်​လည်း ကျမ်းပြု​ဆရာ​များ၊ သက်ကြီးဝါကြီး​များ​နှင့်အတူ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​၍ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။ သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော ဓားပြ​တို့​သည်​လည်း ကိုယ်တော်​ကို ထိုနည်းတူ​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။ မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍ ဖြစ်​၏။ ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။ သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။ သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။ ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။ တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ အရိမသဲ​မြို့​မှ သူဌေး​ဖြစ်​ပြီး ယေရှု​၏​တပည့်​တော်​လည်း​ဖြစ်​သော ယောသပ်​အမည်​ရှိ​သူ​တစ်​ဦး​သည် ရောက်လာ​၏။ သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် အလောင်း​တော်​ကို​ပေး​လိုက်​ရန် အမိန့်​ပေး​၏။ ယောသပ်​သည် အလောင်း​တော်​ကို​ယူ​၍ ဖြူစင်​သော​ပိတ်ချော​ဖြင့် ပတ်ရစ်​ပြီးလျှင် ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။ မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​လျက် သင်္ချိုင်း​တော်​ရှေ့တွင်​ထိုင်​နေ​ကြ​၏။ ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက် “အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။ ထို့ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်အောင် သင်္ချိုင်း​ဂူ​ကို စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​ပါ။ သို့မဟုတ်​လျှင် သူ​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ခိုးယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်မည်။ ထိုအခါ နောက်​လှည့်ဖြား​မှု​သည် ယခင်​လှည့်ဖြား​မှု​ထက် ပို၍​ဆိုး​ပါ​လိမ့်မည်”​ဟု လျှောက်ထား​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​တို့​၌ အစောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်နိုင်​သမျှ​လုံခြုံ​အောင် စောင့်ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။