YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 27:1-31

ရှင်မဿဲခရစ်ဝင် 27:1-31 MSBU

မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​ယုဒ​သည် ကိုယ်တော်​ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ကြောင်း​တွေ့မြင်​လျှင် စိတ်မကောင်း​ဖြစ်​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​ထံ ငွေဒင်္ဂါး​သုံးဆယ်​ကို​ပြန်​ပေး​လျက် “အကျွန်ုပ်​သည် အပြစ်ကင်း​သော​သူ​၏​သွေး​ကို​အပ်နှံ​ပြီး အပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်သို့​ဆိုင်​သနည်း။ ကိုယ့်​အမှု​ကို ကိုယ်​ဖြေရှင်း​လော့”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​သည် ထို​ငွေ​ကို ဗိမာန်​တော်​ထဲ၌​ပစ်ချ​ပြီး ထွက်သွား​လေ​၏။ ထို့နောက် အခြား​သို့​သွား​၍ ကြိုးဆွဲချ​သေ​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သောကြောင့် ဘဏ္ဍာတိုက်​ထဲသို့​မ​သွင်း​အပ်”​ဟု ဆို​လျက် တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ သူစိမ်း​ဧည့်သည်​တို့​၏​သင်္ချိုင်း​အတွက် အိုးထိန်းသည်​၏​မြေယာ​ကို ထို​ငွေ​ဖြင့်​ဝယ်ယူ​ကြ​၏။ ထို့ကြောင့် ထို​မြေယာ​ကို ယနေ့​တိုင်အောင် သွေး​မြေ​ဟု​ခေါ်တွင်​ကြ​၏။ ထိုအခါ “သူ​တို့​သည် တန်ဖိုးဖြတ်​ခြင်း​ခံရ​သော​သူ​၏​အဖိုးငွေ​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​တန်ဖိုးဖြတ်​ထား​သည့် ငွေဒင်္ဂါး​သုံးဆယ်​ကို​ယူ​၍ အကျွန်ုပ်​အား ထာဝရ​ဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အိုးထိန်းသည်​၏​မြေယာ​အတွက် ထို​ငွေ​တို့​ကို​ပေး​ကြ​၏”​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​ခဲ့​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။ ထိုအခါ ပိလတ်​မင်း​သည် ကိုယ်တော်​အား “သူ​တို့​သည် သင့်​တစ်ဖက်၌ မည်မျှလောက်​သက်သေခံ​ကြ​သည်​ကို သင်​မ​ကြား​သလော”​ဟု ဆို​၏။ သို့သော် ကိုယ်တော်​သည် စကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ဘုရင်ခံ​သည် အလွန်​အံ့ဩ​လေ​၏။ ဘုရင်ခံ​သည် ထို​ပွဲတော်​တွင် လူထု​အတွက် သူ​တို့​အလိုရှိ​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ ထို​အချိန်​တွင် ဗာရဗ္ဗ​ဟု​ခေါ်​သည့် ထင်ပေါ်​ကျော်ကြား​သော အကျဉ်းသား​တစ်​ယောက်​ရှိ​၏။ သို့ဖြစ်၍ လူ​တို့​စုဝေး​ကြ​သောအခါ ပိလတ်​မင်း​က “သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း။ ဗာရဗ္ဗ​လော​၊ သို့မဟုတ် ခရစ်တော်​ဟု​ခေါ်​သော ယေရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။ ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။ ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။ တစ်ဖန် ဘုရင်ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း”​ဟု မေး​သောအခါ သူ​တို့​က “ဗာရဗ္ဗ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။ လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။ ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။ ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။ ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။