YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 26:31-56

ရှင်မဿဲခရစ်ဝင် 26:31-56 MSBU

ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။ သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။ ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ ယေရှု​က​လည်း“အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ ယေရှု​က​လည်း ထို​သူ​အား“သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။ ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။ သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။

​ရှင်မဿဲခရစ်ဝင် 26:31-56 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။