YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 23

23
သူတော်ကောင်းယောင်ဆောင်သူတို့ကို ရှုတ်ချတော်မူခြင်း
1ထို့နောက် ယေရှု​သည် လူထု​ပရိသတ်​များ​နှင့် တပည့်​တော်​များ​အား မြွက်ဆို​တော်မူ​သည်​မှာ 2“ကျမ်းပြု​ဆရာ​နှင့် ဖာရိရှဲ​တို့​သည် မောရှေ​၏​ထိုင်ခုံ​ပေါ်၌ ထိုင်​နေ​ကြ​၏။ 3ထို့ကြောင့် သင်​တို့​အား သူ​တို့​ပြော​သမျှ​သော​အရာ​အားလုံး​ကို ကျင့်သုံး​၍ စောင့်ထိန်း​ကြ​လော့။ သို့သော် သူ​တို့​ပြု​သည့်​အတိုင်း မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် ပြော​သော်လည်း မ​ကျင့်သုံး​ကြ။ 4သူ​တို့​သည် လေးလံ​၍ ထမ်းရခက်​သော​ဝန်​များ​ကို ထုပ်ပိုး​လျက် လူ​တို့​၏​ပခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို မိမိ​တို့​၏​လက်ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။ 5သူ​တို့​သည် မိမိ​တို့​ပြု​သမျှ​သော​အမှု​တို့​ကို လူ​တို့​မြင်​စေရန်​သာ​ပြု​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​၏​ကျမ်း​လက်ဖွဲ့​အဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်ရုံ​ပန်းဖွား​များ​ကို ရှည်လျား​စွာ​ထား​ကြ​၏။ 6စားသောက်ပွဲ​များ​၌ အထူး​နေရာ​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ 7ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်ဝေါ်​ကြ​သည်​ကို​လည်းကောင်း နှစ်သက်​ကြ​၏။
8 သို့သော် သင်​တို့​သည် ရဗ္ဗိ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​၏​ဆရာ​သည် တစ်ပါးတည်း​သာ​ရှိ​၍ သင်​တို့​အားလုံး​သည် ညီအစ်ကို​များ​ဖြစ်​ကြ​၏။ 9မြေကြီး​ပေါ်၌ မည်သူ့​ကို​မျှ အဖ​ဟူ၍​လည်း မ​ခေါ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​တွင် ကောင်းကင်ဘုံ​ရှင် အဖ​တစ်ပါးတည်း​ရှိ​တော်မူ​၏။ 10သင်​တို့​သည် ခေါင်းဆောင်​ဟု​လည်း ခေါ်ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​၏​ခေါင်းဆောင်​သည် ခရစ်တော်​တစ်ပါးတည်း​ဖြစ်​၏။ 11သင်​တို့​တွင် အကြီးမြတ်ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ 12မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်။
13 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။ 14[သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်။]
15 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာသာဝင်​ဖြစ်လာ​စေရန် ပင်လယ်​နှင့်​ကုန်းမြေ​တို့​တွင် လှည့်လည်​ကြ​ပြီး ဘာသာဝင်​ဖြစ်လာ​သောအခါ ထို​သူ​ကို သင်​တို့​ထက် နှစ်ဆ​ဆိုး​သော​ငရဲ​သား​ဖြစ်စေ​ကြ​၏။
16 မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ သင်​တို့​ကမည်သူမဆို ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ဗိမာန်​တော်​၏​ရွှေ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန်​တာဝန်​ရှိ​၏ဟု ဆို​ကြ​၏။ 17မိုက်မဲ​သော​မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ထို​ရွှေ​လော​၊ သို့မဟုတ် ထို​ရွှေ​ကို​သန့်ရှင်း​စေ​သည့် ဗိမာန်​တော်​လော။ 18ထို့ပြင် သင်​တို့​ကမည်သူမဆို ယဇ်ပလ္လင်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ယဇ်ပလ္လင်​ပေါ်၌​ရှိ​သော ပူဇော်သက္ကာ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန် တာဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။ 19မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ပူဇော်သက္ကာ​လော​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို​သန့်ရှင်း​စေ​သည့် ယဇ်ပလ္လင်​လော။ 20ထို့ကြောင့် ယဇ်ပလ္လင်​ကို တိုင်တည်​ပြောဆို​သော​သူ​သည် ယဇ်ပလ္လင်​နှင့်တကွ ၎င်း​အပေါ်၌​ရှိသမျှ​တို့​ကို တိုင်တည်​ပြောဆို​၏။ 21ထို့အတူ ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​သော​သူ​သည် ဗိမာန်​တော်​နှင့်တကွ ၎င်း​တွင်​ကိန်းဝပ်​တော်မူ​သော​အရှင်​ကို တိုင်တည်​ပြောဆို​၏။ 22ကောင်းကင်​ကို တိုင်တည်​ပြောဆို​သော​သူ​သည်​လည်း ဘုရားသခင်​၏​ပလ္လင်​တော်​နှင့်တကွ ၎င်း​အပေါ်၌ ထိုင်​တော်မူ​သော​အရှင်​ကို တိုင်တည်​ပြောဆို​၏။
23 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဇီရာ​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေးလှူ​ကြ​၏။ သို့သော် ပညတ်​တရား​ထဲမှ ပို၍​အရေးကြီး​သော တရားမျှတ​ခြင်း၊ ကရုဏာ​ထား​ခြင်း​နှင့် သစ္စာစောင့်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ချန်လှပ်​မ​ထား​ရ။ 24မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် မှက်​ကောင်​ကို​စစ်ထုတ်​ကြ​သော်လည်း ကုလားအုတ်​ကို​မူကား မျိုချ​ကြ​၏။
25 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ခွက်​နှင့်​ပန်းကန်​တို့​၏​အပြင်​ဘက်​ကို စင်ကြယ်​စေ​ကြ​သော်လည်း အတွင်း​၌​ကား မတရား​လုယူ​ခြင်း​နှင့် ကိုယ့်​အလိုသို့လိုက်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ 26မျက်စိ​မ​မြင်​သော​ဖာရိရှဲ​တို့၊ ခွက်​၏​အတွင်း​ဘက်​ကို ဦးစွာ​စင်ကြယ်​စေ​ကြ​လော့။ ထိုသို့ပြုလျှင် ၎င်း​၏​အပြင်​ဘက်​လည်း စင်ကြယ်​လာ​လိမ့်မည်။
27 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထုံးဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အပြင်​ဘက်​၌ တင့်တယ်​စွာ​ထင်ရှား​သော်လည်း အတွင်း​၌​ကား လူသေ​တို့​၏​အရိုး​များ​နှင့် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။ 28ထိုနည်းတူ သင်​တို့​သည်​လည်း အပြင်​ဘက်​၌ လူ​တို့​ရှေ့တွင် ဖြောင့်မတ်​ဟန်​ရှိ​ကြ​သော်လည်း အတွင်း​၌​ကား သူတော်ကောင်း​ယောင်ဆောင်​ခြင်း​နှင့် တရားမဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။
29 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပရောဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်ဆောက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်ဆာဆင်​ကာ 30‘ငါ​တို့​သည် ငါ​တို့​၏​ဘိုးဘေး​များ​လက်ထက်​၌​ရှိ​ခဲ့​လျှင် ပရောဖက်​တို့​ကို သတ်ဖြတ်​သော​သူ​တို့​၏​အပေါင်းအဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။ 31ဤသို့ဖြင့် သင်​တို့​သည် ပရောဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အမျိုးအနွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သက်သေခံ​ကြ​၏။ 32သင်​တို့​သည်​လည်း သင်​တို့​ဘိုးဘေး​များ​၏​အပြစ်​ပမာဏ​ကို​ပြည့်​အောင် ဖြည့်စွက်​ကြ​လော့။
33 အချင်း​မြွေ​တို့၊ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် ငရဲ​၌​အပြစ်​စီရင်​ခံရ​ခြင်း​မှ မည်ကဲ့သို့​လွတ်မြောက်​နိုင်​ကြ​မည်နည်း။ 34ထို့ကြောင့် ငါ​သည် ပရောဖက်​များ၊ ပညာရှိ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ ထိုအခါ သင်​တို့​သည် သူ​တို့​ထဲမှ အချို့​တို့​ကို​သတ်​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လိမ့်မည်​။ အချို့​တို့​ကို သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဒဏ်ခတ်​ရိုက်နှက်​ပြီး တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်လံ​ညှဉ်းဆဲ​ကြ​လိမ့်မည်။ 35သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ 36သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အရာ​အားလုံး​တို့​သည် ဤ​မျိုးဆက်​အပေါ် ကျရောက်​လိမ့်မည်။
ဂျေရုဆလင်မြို့အတွက်ငိုကြွေးတော်မူခြင်း
37 အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။ 38ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​အဖြစ် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ 39သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’#ဆာ 118:26။ဟု သင်​တို့​မ​ပြော​မီ​တိုင်အောင် ယခု​မှစ၍ သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။