YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 20:1-16

ရှင်မဿဲခရစ်ဝင် 20:1-16 MSBU

ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​၏​စပျစ်ခြံ​အတွက် အလုပ်သမား​များ​ကို​ငှား​ရန် နံနက်​စောစော​ထွက်သွား​သည့် ခြံ​ပိုင်ရှင်​နှင့်​တူ​၏။ သူ​သည် တစ်​နေ့​လျှင် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် အလုပ်သမား​များ​နှင့်​သဘောတူ​လျက် သူ​တို့​ကို မိမိ​၏​စပျစ်ခြံ​သို့ စေလွှတ်​လေ​၏။ ထို့နောက် သူ​သည် နံနက်​ကိုး​နာရီ​ခန့်​တွင်​ထွက်သွား​ရာ အခြား​သော​သူ​တို့​သည် အလုပ်​မ​လုပ်​ဘဲ ဈေး​အရပ်​၌​ရပ်​နေ​ကြ​သည်​ကို တွေ့မြင်​လျှင် ထို​သူ​တို့​အား ‘သင်​တို့​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့။ ထိုက်သင့်​သည့်​လုပ်အားခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သဖြင့် သူ​တို့​သည်​သွား​ကြ​၏။ တစ်ဖန် မွန်းတည့်​ချိန်​နှင့် မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တို့​တွင်​လည်း ထွက်​၍ ထိုနည်းတူ​ပြု​လေ​၏။ ညနေ​ငါး​နာရီ​ခန့်​တွင်​လည်း ထွက်​၍ အခြား​သော​သူ​တို့​ရပ်​နေ​ကြ​သည်​ကို​တွေ့​သဖြင့် ‘အဘယ်ကြောင့်​အလုပ်​မ​လုပ်​ဘဲ ဤ​နေရာ​၌ တစ်နေ့လုံး​ရပ်​နေ​ကြ​သနည်း’​ဟု မေး​လေ​၏။ ထို​သူ​တို့​က​လည်း ‘မည်သူမျှ အကျွန်ုပ်​တို့​ကို မ​ငှား​သောကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်ရှင်​က ‘သင်​တို့​သည်​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။ ထိုအခါ ညနေ​ငါး​နာရီ​ခန့်​တွင်​ငှား​ထား​သော​သူ​တို့​သည် လာ​၍ ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။ ပထမ​ဦးဆုံး​ငှား​ထား​သော​သူ​တို့​သည်​လည်း လာ​ကြ​ကာ မိမိ​တို့​ပို၍​ရ​လိမ့်မည်​ဟု ထင်​ကြ​၏။ သို့သော် သူ​တို့​သည်​လည်း ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။ ထို​ငွေ​ကို​ရရှိ​ကြ​သောအခါ သူ​တို့​က ‘နောက်ဆုံး​လာ​သော​ဤ​သူ​တို့​သည် တစ်​နာရီ​မျှသာ​အလုပ်​လုပ်​ခဲ့​ကြ​သော်လည်း အရှင်​သည်​သူ​တို့​ကို တစ်နေကုန်​နေပူ​ထဲတွင်​အပင်ပန်း​ခံရ​သည့်​အကျွန်ုပ်​တို့​နှင့်​တန်းတူ ဖြစ်​စေ​ပါ​သည်​တကား’​ဟု ခြံ​ပိုင်ရှင်​အား မကျေမနပ်​ပြောဆို​ကြ​၏။ သို့သော် ခြံ​ပိုင်ရှင်​က ထို​သူ​တို့​အထဲမှ​တစ်​ယောက်​အား ‘အဆွေ၊ ငါ​သည် သင့်​အပေါ်​မတရား​ပြု​သည်​မ​ဟုတ်။ သင်​သည် ငါ​နှင့် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် သဘောတူ​သည်​မ​ဟုတ်​လော။ သင်​၏​လုပ်အားခ​ကို ယူ​၍​သွား​လော့။ သင့်​ကို ငါ​ပေး​သကဲ့သို့ နောက်ဆုံး​လာ​သော ဤ​သူ​ကို​လည်း ငါ​ပေး​လို​၏။ ငါ​ပိုင်ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သလော။ သို့မဟုတ် ငါ​သည် သဘော​ကောင်း​သောကြောင့် သင်​သည် မရှုဆိတ်​ဖြစ်​နေ​သလော’​ဟု ဆို​လေ​၏။ ထိုနည်းတူ နောက်ဆုံး​သော​သူ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​ပြီး အဦးဆုံး​သော​သူ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။