ယေရှုသည် ဤတရားစကားတို့ကို မိန့်တော်မူပြီးသောအခါ ဂါလိလဲနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒနယ်ဆိုင်ရာအရပ်ဒေသသို့ ကြွတော်မူ၏။ များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ သူတို့ကို ကျန်းမာစေတော်မူ၏။ ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက် ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။ ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။ တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဤစကားကို လူတိုင်းခံယူနိုင်သည်မဟုတ်။ ထိုသို့ပြုခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။ အကြောင်းမူကား အမိဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာသောသူများရှိကြ၏။ လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိကြ၏။ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်ပြုနိုင်စွမ်းကို ကိုယ်တိုင်စွန့်လွှတ်သောသူများလည်းရှိကြ၏။ ဤအရာကို ခံယူနိုင်သောသူသည် ခံယူစေ”ဟု မိန့်တော်မူ၏။ ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။ ယေရှုကလည်း“ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏”ဟု မိန့်တော်မူလျက် သူတို့အပေါ်၌ လက်တော်တင်ပြီးလျှင် ထိုနေရာမှ ကြွတော်မူ၏။
ရှင်မဿဲခရစ်ဝင် 19 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 19:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို