YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 18:1-10

ရှင်မဿဲခရစ်ဝင် 18:1-10 MSBU

ထို​အချိန်​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌ ရပ်​စေ​ပြီးလျှင် “သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ပြောင်းလဲ​၍ ကလေး​သူငယ်​များ​ကဲ့သို့​မ​ဖြစ်​လျှင် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် ဤ​သူငယ်​ကဲ့သို့ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အကြီးမြတ်ဆုံး​ဖြစ်​၏။ ဤသို့​သော​သူငယ်​တစ်​ယောက်​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​လက်ခံ​၏။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​၏​ရေနက်ရာ​တွင် နှစ်မြှုပ်​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ ဤ​လောက​သည် မှားယွင်း​စေ​သော​အရာ​များ​ကြောင့် အမင်္ဂလာရှိ​၏။ မှားယွင်း​စေ​သော​အရာ​များ​သက်ရောက်​မည်ကို လွှဲရှောင်​၍​မ​ရ​နိုင်။ သို့သော် မှားယွင်း​စေ​သော​အရာ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။ သင်​၏​လက်​၊ သို့မဟုတ် သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ လက်​နှစ်​ဖက်​၊ သို့မဟုတ် ခြေ​နှစ်​ဖက်​ပါ​လျက် ထာဝရ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် လက်​တစ်ဖက်​၊ သို့မဟုတ် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို့ပြင် သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။