YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 15:29-39

ရှင်မဿဲခရစ်ဝင် 15:29-39 MSBU

ထို့နောက် ယေရှု​သည် ထို​နေရာ​မှ ထွက်ခွာ​လျက် ဂါလိလဲ​ပင်လယ်​ကမ်းနား​သို့ ကြွ​တော်မူ​ပြီးလျှင် တောင်​ပေါ်သို့​တက်​ကာ ထို​အရပ်​၌​ထိုင်​တော်မူ​၏။ ထိုအခါ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ခြေ​မသန်စွမ်း​သူ​များ၊ မျက်မမြင်​များ၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ၊ ဆွံ့အ​သူ​များ​နှင့် အခြား​ရောဂါသည်​အမြောက်အမြား​တို့​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ အထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချထား​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။ လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။