YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 14:1-36

ရှင်မဿဲခရစ်ဝင် 14:1-36 MSBU

ထို​အချိန်​တွင် နယ်စား​ဟေရုဒ်​သည် ယေရှု​၏​သတင်း​တော်​ကို​ကြား​၍ သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။ အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။ အဘယ်ကြောင့်​ဆိုသော် ယောဟန်​က “သင်​သည် ထို​အမျိုးသမီး​ကို သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ဟေရုဒ်​အား ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရုဒ်​သည် ယောဟန်​ကို​သတ်​လို​သော်လည်း လူထု​ကို​ကြောက်​လေ​၏။ အကြောင်းမူကား သူ​တို့​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏။ သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။ ထို့ကြောင့် ဟေရုဒ်​သည် သင်​တောင်း​သမျှ​ကို​ပေး​မည်​ဟု သူ့​အား ကတိ​သစ္စာ​ပြု​လေ​၏။ ထိုအခါ မိန်းကလေး​သည် မိခင်​၏​တိုက်တွန်း​ချက်​အရ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို ဤ​လင်ပန်း​ပေါ်​တင်​၍ ကျွန်မ​အား​ပေး​ပါ”​ဟု တောင်းဆို​လေ​၏။ မင်းကြီး​သည် စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ မိမိ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ ပေး​လိုက်​ရန် အမိန့်​ပေး​ကာ လူ​ကို​စေလွှတ်​ပြီး ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​စေ​၏။ ထို့နောက် ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​သော် သူ​သည် မိမိ​၏​မိခင်​ထံသို့ ယူဆောင်​သွား​လေ​၏။ ထိုအခါ ယောဟန်​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် သူ့​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။ ထို့နောက် ယေရှု​ထံ​လာ​၍ ကြားလျှောက်​ကြ​၏။ ယေရှု​သည် ထို​သတင်း​ကို​ကြား​သောအခါ ထို​အရပ်​မှ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ လှေ​ဖြင့် တစ်ကိုယ်တည်း​ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် ကြားသိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်းကြောင်း​ဖြင့်​လိုက်​ကြ​၏။ ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူထု​ပရိသတ်​တို့​သည် ကျေးရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စားစရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ယေရှု​က“သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​တွင် ဤ​နေရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“၎င်း​တို့​ကို ငါ့​ထံ ဤ​နေရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူထု​ပရိသတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အမိန့်​ပေး​တော်မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို​ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါးထောင်​ခန့်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထိုစဉ် လှေ​သည် ကမ်း​မှ​အတော်​ဝေးကွာ​နေ​ပြီး လေ​ဆန်​ဖြစ်​သောကြောင့် လှိုင်း​များ​၏​ရိုက်ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။ မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ “တစ္ဆေ”​ဟု အလန့်တကြား​အော်ဟစ်​ကြ​၏။ သို့သော် ယေရှု​က“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်တော်​ထံသို့ ရေ​ပေါ်မှာ​လျှောက်လာ​ရ​မည့်​အကြောင်း အကျွန်ုပ်​ကို အမိန့်​ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။ သို့သော် ပြင်းထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေနစ်​စ​ပြု​သည်​နှင့် “သခင်​ဘုရား၊ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။ ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် လှေ​ပေါ်သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။ ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။ ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​ကြ​၏။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​သည် ကိုယ်တော်​ကို​မှတ်မိ​ကြ​သဖြင့် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ လူ​ကို​စေလွှတ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီးလျှင် သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။