YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:33-58

ရှင်မဿဲခရစ်ဝင် 13:33-58 MSBU

အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။ ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ကောင်း​သော​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် လူ့သား​ဖြစ်​ပြီး စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။ သို့ဖြစ်၍ မြက်သီး​ပင်​များ​ကို​နုတ်ယူ​၍ မီး​ရှို့​သကဲ့သို့ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင် မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ ကောင်းကင်​နိုင်ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သောအခါ ပြန်လည်​ဝှက်​ထား​ပြီးလျှင် ဝမ်းမြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အရာ​အားလုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။ တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​ပုလဲ​ကို​ရှာဖွေ​နေ​သော ကုန်သည်​နှင့်​တူ​၏။ သူ​သည် အလွန်​အဖိုးတန်​သော​ပုလဲ​တစ်​လုံး​ကို​တွေ့​သောအခါ သွား​၍ သူ​၌​ရှိ​သမျှ​တို့​ကို​ရောင်း​ပြီးလျှင် ထို​ပုလဲ​ကို​ဝယ်​လေ​၏။ တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ပင်လယ်​ထဲ၌​ချ​၍ ငါး​အမျိုးစုံ​ကို​ဖမ်းမိ​သော ပိုက်ကွန်​နှင့်​တူ​၏။ ငါး​နှင့်​ပြည့်​သောအခါ ထို​ပိုက်ကွန်​ကို ကမ်း​ပေါ်သို့​ဆွဲတင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်းတောင်း​ထဲသို့​ခွဲထည့်​၍ မကောင်း​သော​ငါး​များ​ကို အပြင်​သို့​ပစ်​လိုက်​ကြ​၏။ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌ ထိုနည်းတူ​ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်​များ​သည်​လာ​၍ ဆိုးညစ်​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​ထဲမှ သီးခြား​ခွဲထား​ကာ မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ ဤ​အရာ​အားလုံး​ကို သင်​တို့​နားလည်​ကြ​သလော”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏”​ဟု ပြန်လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​ပုံ​ဥပမာ​များ​ကို မြွက်ဆို​တော်မူ​ပြီး​သောအခါ ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။