ထိုနေ့၌ပင် ယေရှုသည် အိမ်မှထွက်၍ ပင်လယ်ကမ်းနားတွင် ထိုင်တော်မူလျှင် များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။ ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။ အချို့တို့မူကား မြေနည်း၍ ကျောက်ပေါသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။ သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။ အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။ နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။ ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။ ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။ အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက် ၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။ သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန်အလွန်အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလွန်အလိုရှိသော်လည်းမကြားခဲ့ရကြပေ။ ထို့ကြောင့် မျိုးကြဲသောသူ၏ပုံဥပမာကို သင်တို့နားထောင်ကြလော့။ မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။ ကျောက်ပေါများသောနေရာတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူကိုဆိုလို၏။ သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။ ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။ ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။ သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။ အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။ ထိုအခါ စိုက်ခင်းပိုင်ရှင်၏အစေအပါးတို့သည်လာ၍ ‘သခင်၊ သခင်၏စိုက်ခင်း၌ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် မြက်သီးပင်များသည် အဘယ်ကပေါက်လာသနည်း’ဟု မေးမြန်းကြ၏။ စိုက်ခင်းပိုင်ရှင်ကလည်း ‘ဤသည်ကား ရန်သူ၏လုပ်ရပ်ဖြစ်၏’ဟု ဆို၏။ ထိုအခါ အစေအပါးတို့က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ မြက်သီးပင်တို့ကို နုတ်ယူရမည်လော’ဟု မေးလျှောက်ကြ၏။ သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။ ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 13 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 13:1-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ