YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 10:24-42

ရှင်မဿဲခရစ်ဝင် 10:24-42 MSBU

တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။ တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။ ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။ ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။ စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။ သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။ သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။ မြေကြီး​ပေါ်သို့ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူဆောင်​လာ​ရန် ငါ​လာ​၏။ အကြောင်းမူကား သား​ကို သူ​၏​အဖ​နှင့်​လည်းကောင်း၊ သမီး​ကို သူ​၏​အမိ​နှင့်​လည်းကောင်း၊ ချွေးမ​ကို သူ​၏​ယောက္ခမ​နှင့်​လည်းကောင်း စိတ်ဝမ်း​ကွဲပြား​စေရန် ငါ​လာ​၏။ လူ​တစ်​ဦး​၏​ရန်သူ​တို့​မှာ​လည်း သူ​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​လိမ့်မည်။ ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။ မိမိ​အသက်​ကို​တွေ့ရှိ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို အဆုံးရှုံး​ခံ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။ သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ ပရောဖက်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ပရောဖက်​ကို လက်ခံ​သော​သူ​သည် ပရောဖက်​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဖြောင့်မတ်​သော​သူ​ကို လက်ခံ​သော​သူ​သည်​လည်း ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တပည့်​တော်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အား ရေအေး​တစ်​ခွက်​မျှပင် တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

ရှင်မဿဲခရစ်ဝင် 10:24-42 အကြောင်း ဗီဒီယိုများ