YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိအနာဂတ္တိကျမ်း 3

3
1ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​၏​စေတမန်​ကို ငါ​စေလွှတ်​မည်​။ သူ​သည် ငါ​သွား​ရ​မည့်​လမ်း​ကို ကြိုတင်​ပြင်ဆင်​လိမ့်မည်​။ သင်​တို့​ရှာဖွေ​သော​အရှင်သခင်​သည် ဗိမာန်တော်​သို့ ချက်ချင်း​ကြွလာ​လိမ့်မည်​။ ကြည့်ရှု​လော့​။ သင်​တို့​အလိုရှိ​သော​ပဋိညာဉ်​တမန်​သည်​လည်း ကြွလာ​နေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ 2ကိုယ်တော် ကြွလာ​မည့်​နေ့​တွင် မည်သူ​သည် ခံရပ်​နိုင်​မည်နည်း​။#ယောလ 2:11၊ ဗျာ 6:17။ ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ မည်သူ​သည် ရပ်တည်​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငွေ​ကို​ချွတ်​သော​မီး​၊ အဝတ်ဖွတ်​သော​ဆပ်ပြာ နှင့်​တူ​၏​။ 3ကိုယ်တော်​သည် ငွေ​ကို​ချွတ်​၍​သန့်စင်​စေ​သော​သူ​ကဲ့သို့ ထိုင်​တော်မူ​လျက် လေဝိ​သားမြေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။ သူ​တို့​ကို ရွှေ​ငွေ​ကဲ့သို့ သန့်စင်​စေ​၍ သူ​တို့​သည်​လည်း ထာဝရဘုရား​ထံ ဖြောင့်မတ်​ခြင်း​ပူဇော်သက္ကာ​ကို ဆက်သ​ရ​ကြ​လိမ့်မည်​။ 4ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ဆက်သ​သော​ပူဇော်သက္ကာ​ကို ထာဝရဘုရား​သည် ရှေး​ကာလ​က​ကဲ့သို့​၊ လွန်ခဲ့ပြီး​သော​နှစ်ကာလ​များ​က​ကဲ့သို့ လက်ခံ​တော်မူ​မည်​။
5“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 6“အကယ်စင်စစ် ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ပြောင်းလဲ​ခြင်း မ​ရှိ​။ ထို့ကြောင့် ယာကုပ်​သားမြေး​တို့​၊ သင်​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ရ​ကြ​။
ဘုရားသခင်ထံမှလုယူခြင်း
7သင်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ သင်​တို့​သည် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ဘဲ ရှောင်လွှဲ​သွား​ကြ​ပြီ​။ ငါ့​ထံ ပြန်လာ​ကြ​လော့​။ ငါ​သည်​လည်း သင်​တို့​ထံ ပြန်လာ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်ဆို​သည်​ကို​ပင် သင်​တို့​က “ငါ​တို့ မည်သို့​ပြန်လာ​ရ​မည်နည်း”​ဟု ပြောဆို​ကြ​၏​။
8“လူ​သည် ဘုရားသခင်​ထံမှ လုယူ​ရ​မည်​လော​။ မှန်ပေ​၏​။ သင်​တို့​သည် ငါ့​ထံမှ​လုယူ​ကြ​ပြီ​။ သို့သော် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ထံမှ မည်သို့​လုယူ​သနည်း’​ဟု မေး​လျှင် သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​နှင့် အလှူပစ္စည်း​တို့​ကို လုယူ​ကြ​ပြီ​။ 9သင်​တို့​တစ်မျိုးသားလုံး ငါ့​ထံမှ​လုယူ​ကြ​သောကြောင့် သင်​တို့​သည် ကျိန်​ခြင်း​ကို​ခံရ​၍ ကျိန်စာသင့်​လေ​ပြီ​။ 10ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 11“လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 12“လူမျိုး​အပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​တို့​ပြည်​သည် နှစ်သက်ဖွယ်​သော​ပြည်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
ဖြောင့်မတ်သောသူနှင့်ဆိုးယုတ်သောသူ
13ထာဝရဘုရား​က “သင်​တို့​သည် ငါ့​ကို​ဆန့်ကျင်​၍ မောက်မောက်မာမာ​ပြောဆို​ကြ​၏”​ဟု မိန့်ဆို​သော် သင်​တို့​က “အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို မည်သို့​ဆန့်ကျင်​ပြောဆို​ကြ​သနည်း”​ဟု ပြန်​၍​ပြောဆို​ကြ​၏​။
14သင်​တို့​က “ဘုရားသခင်​၏​အမှု​တော်​ကို ထမ်းဆောင်​ခြင်း​သည် အကျိုးမရှိ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​၏​ညွှန်ကြားချက်​အတိုင်း​လိုက်နာ​၍ ရှေ့​တော်​၌ ညှိုးငယ်​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း​သည် မည်သည့်​အကျိုး​ရှိ​သနည်း​။ 15ထို့ကြောင့် ယခုမှာ အကျွန်ုပ်​တို့​သည် မာနထောင်လွှား​သော​သူ​ကို မင်္ဂလာ​ရှိ​သော​သူ​ဟု မှတ်ယူ​၏​။ အကယ်စင်စစ် ဆိုးယုတ်​သော​သူ​တို့​သည် ကြီးပွား​တိုးတက်​၏​။ ဘုရားသခင်​ကို စမ်းသပ်​သော​သူ​တို့​သည်​လည်း ဘေးဒုက္ခ​မ​ရောက်”​ဟု ဆို​ကြ​ပြီ​။
16ထို​အချိန်​တွင် ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သော​သူ​တို့​အချင်းချင်း​ပြောဆို​သော​စကား​ကို ထာဝရဘုရား​နားထောင်​၍ ကြား​တော်မူ​၏​။ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ပြီး နာမ​တော်​ကို ကြည်ညို​လေးစား​သော​သူ​တို့​နှင့်​ပတ်သက်၍ ရှေ့​တော်​၌ အောက်မေ့စရာ​မှတ်တမ်း​စာလိပ်​တွင် ရေးမှတ်​ထား​၏​။ 17ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​တရားစီရင်​သော​နေ့​၌ ထို​သူ​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော် ဖြစ်​ကြ​လိမ့်မည်​။ ဖခင်​၏​အမှု​ကို ဆောင်​သော​သား​အား ဖခင်​က ကရုဏာထား​သကဲ့သို့ သူ​တို့​ကို ငါ​ကရုဏာ​ထား​မည်”​ဟု မိန့်​တော်မူ​၏​။ 18ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

မာလခိအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။