ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုစုရုံးစေပြီးလျှင် သူတို့အား နတ်ဆိုးအပေါင်းတို့ကိုနိုင်၍ ရောဂါများကိုငြိမ်းစေနိုင်သော တန်ခိုးနှင့်အခွင့်အာဏာတို့ကိုပေးတော်မူ၏။ ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောရန်နှင့် နာမကျန်းဖြစ်သူများကိုကျန်းမာစေရန် သူတို့ကိုစေလွှတ်တော်မူ၍ “လမ်းခရီးအတွက် မည်သည့်အရာကိုမျှ မယူသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာနှင့် ငွေတို့ကိုလည်း မယူသွားကြနှင့်။ အင်္ကျီကိုလည်း အပိုမဆောင်ကြနှင့်။ မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်မှ ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။ မည်သူမျှ သင်တို့ကိုလက်မခံလျှင် ထိုမြို့မှထွက်သွားကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်လည်း ထွက်သွားပြီးလျှင် တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ အရပ်ရပ်တို့တွင် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် အနာရောဂါများကိုငြိမ်းစေကြ၏။ နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊ အချို့တို့က “ဧလိယပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း “ရှေးပရောဖက်တစ်ပါးပါးထမြောက်လာပြီ”ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။ ဟေရုဒ်ကလည်း “ယောဟန်၏ဦးခေါင်းကို ငါဖြတ်ခဲ့၏။ သို့ရာတွင် ဤမျှလောက် ငါသတင်းကြားနေရသော ဤသူကား မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုတွေ့မြင်ရရန် ရှာကြံလေ၏။ တမန်တော်တို့သည် ပြန်လာ၍ သူတို့ပြုခဲ့သမျှတို့ကို ကိုယ်တော်အား ကြားလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုသာခေါ်၍ ဗက်ဇဲဒဟုခေါ်သောမြို့သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။ ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု မိန့်တော်မူ၏။ သူတို့ကလည်း “ဤလူအားလုံးအတွက် အစားအစာများကို အကျွန်ုပ်တို့သွား၍မဝယ်လျှင် အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်သာရှိပါသည်”ဟု လျှောက်ကြ၏။ (ထိုသို့လျှောက်ကြခြင်းမှာ လူငါးထောင်ခန့်မျှရှိသောကြောင့်ဖြစ်၏။) ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့အား“လူတို့ကို ငါးဆယ်ခန့်စီစု၍ ထိုင်စေကြလော့”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်းဆောင်ရွက်ကြလျက် လူအားလုံးတို့ကိုထိုင်စေကြ၏။ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့၍ လူထုပရိသတ်ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။ တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိကြ၏။ ထိုအခါ ကိုယ်တော်က“လူထုပရိသတ်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ သူတို့အား မေးတော်မူ၏။ သူတို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ရှေးပရောဖက်တစ်ပါးပါးထမြောက်လာသည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။ ယေရှုကလည်း“သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ဘုရားသခင်၏ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။ ထိုအခါ ကိုယ်တော်သည် သူတို့အား သတိပေးလျက် ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် အမိန့်ပေးတော်မူပြီးလျှင် “လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် လူအပေါင်းတို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။ အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။ လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင်၊ သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ရပ်နေသောသူတို့တွင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။ ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။ ထိုအချိန်တွင် လူနှစ်ဦးတို့သည် ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုသူတို့မှာ မောရှေနှင့်ဧလိယတို့ဖြစ်ကြ၏။ သူတို့သည် ဘုန်းအသရေနှင့်တကွပေါ်လာ၍ ဂျေရုဆလင်မြို့တွင်ပြည့်စုံတော့မည့် ကိုယ်တော်၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုနေကြ၏။ ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။ ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။ ထိုသို့ ပေတရုလျှောက်ထားစဉ် မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းလေ၏။ သူတို့သည် မိုးတိမ်ထဲသို့ ရောက်သွားစဉ် ကြောက်ရွံ့ကြ၏။ ထိုအခါ မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၍ “ဤသူကား ငါရွေးကောက်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။ ထိုအသံတော်ထွက်ပေါ်လာပြီးသည့်နောက် ယေရှုတစ်ပါးတည်းကိုသာတွေ့မြင်ရတော့၏။ တပည့်တော်တို့သည် မိမိတို့တွေ့မြင်ရသည့်အရာကို ထိုနေ့ရက်များ၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
ရှင်လုကာခရစ်ဝင် 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 9:1-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ