YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 7:18-35

ရှင်လုကာခရစ်ဝင် 7:18-35 MSBU

ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍ သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။ သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။ ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။ ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား“သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။ ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။ သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ တင့်တယ်​သော​အဝတ်​များ​ဝတ်ဆင်​လျက် သောက်စား​ပျော်ပါး​နေ​သော​သူ​တို့​သည် နန်းတော်​များ​၌​ရှိ​ကြ​၏။ ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ ‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ သင်​တို့​အား ငါ​ဆို​မည်။ မိန်းမ​တို့​မှ​မွေးဖွား​လာ​သော​သူ​တို့​တွင် ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက် ကြီးမြတ်​၏။” (အခွန်​ကောက်ခံ​သူ​များ​မှစ၍ လူ​အပေါင်း​တို့​သည် ယောဟန်​၏​ဗတ္တိဇံ​ကို​ခံယူ​ခဲ့​သဖြင့် ဤ​စကား​ကို​ကြားနာ​ရ​သောအခါ ဘုရားသခင်​ဖြောင့်မတ်​ကြောင်း​ဝန်ခံ​ကြ​၏။ သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။) “ထို့ကြောင့် ဤ​ခေတ်ကာလ​လူ​တို့​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ သူ​တို့​သည် မည်သည့်​အရာ​နှင့်​တူ​ကြ​သနည်း။ သူ​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည်​မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည်​မ​ငိုကြွေး​ကြ’​ဟု တစ်ဦး​ကို​တစ်ဦး​လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​ကြ​၏။ အကြောင်းမူကား ဗတ္တိဇံ​ဆရာ​ယောဟန်​သည် ရောက်လာ​၍ အစာ​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။ လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ၊ အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည်​ဖြောင့်မတ်​ကြောင်း မိမိ​သားသမီး​ရှိသမျှ​တို့​က ဖော်ပြ​ကြ​၏”​ဟု မိန့်​တော်မူ​၏။