နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။ မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။ သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍“မငိုနှင့်”ဟု မိန့်တော်မူ၏။ ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က“အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။ လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။ ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ယောဟန်၏တပည့်များသည် ဤအကြောင်းအရာအလုံးစုံတို့ကို ယောဟန်အား ပြောပြကြ၏။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ဦးကိုခေါ်၍ သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။ သူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ “ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ‘ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော’ဟု မေးလျှောက်စေပါသည်”ဟူ၍ လျှောက်ထားကြ၏။ ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။ ကိုယ်တော်ကလည်း ယောဟန်၏တပည့်တို့အား“သင်တို့မြင်ရ၊ ကြားရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကိုကြားရကြ၏။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။ ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။ သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။ ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။ ‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။ သင်တို့အား ငါဆိုမည်။ မိန်းမတို့မှမွေးဖွားလာသောသူတို့တွင် ယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမရှိ။ သို့သော် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက် ကြီးမြတ်၏။” (အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။ သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။) “ထို့ကြောင့် ဤခေတ်ကာလလူတို့ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။ သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။ အကြောင်းမူကား ဗတ္တိဇံဆရာယောဟန်သည် ရောက်လာ၍ အစာကိုမစား၊ စပျစ်ဝိုင်ကိုလည်း မသောက်ဘဲနေသော် ‘သူ၌ နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။ လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ အစားကြူးသောသူ၊ သေသောက်ကြူးသောသူ၊ အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်း’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည်ဖြောင့်မတ်ကြောင်း မိမိသားသမီးရှိသမျှတို့က ဖော်ပြကြ၏”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 7 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 7:11-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ