YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6:24-49

ရှင်လုကာခရစ်ဝင် 6:24-49 MSBU

သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။ ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည် သင်​တို့​ကို​ချီးမွမ်း​ကြ​သောအခါ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ​သည် ပရောဖက်​အတုအယောင်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​၏။ သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။ သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။ ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။ သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။ သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။ သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ပေးကမ်း​ကြ​လော့။ သို့ပြုလျှင် သင်​တို့​ကို​လည်း ပေးကမ်း​လိမ့်မည်။ အလျှံပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်လျှံ​အောင် သင်​တို့​အိတ်​ထဲသို့ ထည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမူကား သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​အား​ပုံ​ဥပမာ​တစ်ခု မြွက်ဆို​တော်မူ​သည်​မှာ“မျက်မမြင်​သည် မျက်မမြင်​ကို လမ်းပြ​နိုင်​သလော။ နှစ်ဦးစလုံး​တွင်း​ထဲသို့​ကျ​ကြ​လိမ့်မည်​မ​ဟုတ်​လော။ တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့သော် ပြည့်စုံ​စွာ​သင်ယူ​တတ်မြောက်​သော​သူ​တိုင်း​သည် မိမိ​ဆရာ​ကဲ့သို့​ဖြစ်​လိမ့်မည်။ သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။ သင်​သည် မိမိ​မျက်စိ​ထဲမှ သစ်တုံး​ကို​မ​မြင်​ဘဲ ‘ညီအစ်ကို၊ သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်ပေး​ပါရစေ’​ဟု သင့်​ညီအစ်ကို​အား မည်သို့​ပြော​နိုင်​မည်နည်း။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။ မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။ အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။ ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။ သင်​တို့​သည် ငါ့​ကို ‘သခင်၊ သခင်’​ဟု ခေါ်​ကြ​ပြီး အဘယ်ကြောင့် ငါ​ပြော​သော​အရာ​ကို​မ​ကျင့်သုံး​ဘဲ​နေ​ကြ​သနည်း။ ငါ့​ထံသို့​လာ​ပြီး ငါ့​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် မည်သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီးလျှင် ကျောက်​ပေါ်၌ အုတ်မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်းမိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သော်လည်း ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သောကြောင့် ထို​အိမ်​ကို​မ​လှုပ်ရှား​စေ​နိုင်။ သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။