YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6:20-36

ရှင်လုကာခရစ်ဝင် 6:20-36 MSBU

ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ဘက်​သို့​မျက်နှာမူ​လျက် မြွက်ဆို​တော်မူ​သည်​မှာ“ဆင်းရဲ​နွမ်းပါး​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​နိုင်ငံ​ဖြစ်​၏။ ယခု​ဆာလောင်​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ ယခု​ငိုကြွေး​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ရယ်မော​ကြ​လိမ့်မည်။ လူ့သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်းတီး​သောအခါ​၌​လည်းကောင်း၊ သင်​တို့​ကို​ဝိုင်းပယ်​၍ ကဲ့ရဲ့​ပြစ်တင်​ကာ သင်​တို့​၏​နာမည်​ကို​ဖျက်​သောအခါ​၌​လည်းကောင်း သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ထို​နေ့ရက်​၌ ဝမ်းမြောက်​လျက် ကခုန်​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ပရောဖက်​များ​ကို ထိုနည်းတူ​ပြု​ကြ​၏။ သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။ ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည် သင်​တို့​ကို​ချီးမွမ်း​ကြ​သောအခါ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ​သည် ပရောဖက်​အတုအယောင်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​၏။ သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။ သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။ ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။ သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။ သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။