YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 6:1-11

ရှင်လုကာခရစ်ဝင် 6:1-11 MSBU

တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဂျုံနှံ​များ​ကို​ဆွတ်ခူး​၍ လက်​နှင့်​ပွတ်နယ်​ပြီး​စား​ကြ​၏။ ထိုအခါ ဖာရိရှဲ​အချို့​တို့​က “သင်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး အခြား​မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် “လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ အခြား​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထို​နေရာ​၌ လက်ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​စရာ​အကြောင်း တွေ့ရှိ​နိုင်​ရန်​အတွက် ကိုယ်တော်​သည် ဥပုသ်နေ့​၌ အနာရောဂါ​ငြိမ်း​စေ​မည်​၊ မ​ငြိမ်း​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။ ကိုယ်တော်​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​သဖြင့် လက်​သေ​သော​သူ​အား“ထ​၍ အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့”​ဟု မိန့်​တော်မူ​ရာ သူ​သည်​ထ​၍ မတ်တတ်ရပ်​လေ​၏။ ထိုအခါ ယေရှု​သည် ထို​သူ​တို့​အား“သင်​တို့​ကို ငါ​မေး​မည်။ တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် ဖျက်ဆီး​အပ်​သလော”​ဟု မေး​တော်မူ​၏။ ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား“သင်​၏​လက်​ကို​ဆန့်​လော့”​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။ ထိုအခါ သူ​တို့​သည် ဒေါသ​စိတ်​မွှန်​၍ ယေရှု​အား မည်သို့​ပြု​ရ​မည်​ကို အချင်းချင်း​တိုင်ပင်​ကြ​၏။

ရှင်လုကာခရစ်ဝင် 6:1-11 အကြောင်း ဗီဒီယိုများ